မော်လမြိုင် ၊ ဇွန် ၁၅
NonCDM ဝန်ထမ်းတွေကို ရာထူးကထုတ်ပယ်ပြီး တည်ဆဲဥပဒေနဲ့ အရေးယူနိုင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြည်ထောင်စုလွှတ်တော် ကိုယ် စားပြု ကော်မတီ CRPH က ဇွန် ၁၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
ဥပဒေရဲ့ ရည်ရွယ်ချက်အနေနဲ့ CDM ဝန်ထမ်းတွေကို လေးစားတန်ဖိုးထားပြီး နိုင်ငံသားအခွင့်အ ရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့၊ နစ်နာမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ရှာဖွေ ဖော်ထုတ်ပြီး ပြန်လည်ကုစားပေးဖို့နဲ့ Non CDM ဝန်ထမ်းတွေကို ဥပဒေနဲ့ အညီစိစစ်ပြီး ပြုလုပ်မှု၊ ပျက်ကွက်မှုအပေါ် အရေးယူဖို့ ဆိုထားပါတယ်။
ဒီဥပဒေထဲမှာတော့ အရေးယူမှုအနေနဲ့ ပြန်တမ်းဝင်အရာရှိနဲ့ အထက်ကို အရာထမ်းဝန်ထမ်းအဖြစ်မှ ထုတ်ပယ်တာ၊ အမည်ပျက်စာရင်း ရေးသွင်းတာတွေ ပြုလုပ်ရမှာဖြစ်သလို ပြန်တမ်းဝင်အရာရှိအောက် အမှုထမ်းတွေကိုတော့ ရာထူးမှ ထုတ်ပယ်ရမှာဖြစ်တယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းဆောင်ရွက်တာ၊ စစ်အုပ်စုကိုထောက်ခံပြီး ပူး ပေါင်းဆောင်ရွက်တာနဲ့ အာဏာသိမ်းကာလအတွင်း အဂတိလိုက်စားမှုကျူးလွန်တဲ့ Non CDM ဝန်ထမ်းတွေကိုတော့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုရမယ်လို့ ဆိုထားပါတယ်။
Non CDM ဝန်ထမ်းတွေအနေနဲ့ မတရားတဲ့နည်းနဲ့ နိုင်ငံပိုင်ပစ္စည်းတွေ၊ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို ရယူသုံးစွဲ ပျက်စီးဆုံးရှုံးစေတာ ဒါမှမဟုတ် ဖျက်ဆီးတာ၊ နိုင်ငံတော်ဘဏ္ဍာငွေကို တနည်းနည်းနဲ့ ဆုံးရှုံးအောင် လုပ်ဆောင်တာအပြင် ပြည်သူလူထုအပေါ် တနည်းနည်းနဲ့ ဖိနှိပ်တာ ဒါမှမဟုတ် နစ်နာဆုံးရှုံးအောင် လုပ်ဆောင်ထားပါက တည်ဆဲဥပဒေနဲ့ အရေးယူရမှာဖြစ်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။
CDM ဝန်ထမ်းတစ်ဦးကတော့ ဒီဥပဒေ မပြဋ္ဌာန်းခင်က CDMဝန်ထမ်းတွေကြားမှာ Non CDM ဝန်ထမ်းတွေကို အရေးယူမယ်မယူဘူးဆိုတဲ့ အငြင်းပွားဖွယ်ကိစ္စတွေရှိခဲ့ပြီး လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေအရ အရေးယူတဲ့ ကိစ္စပါလာတာကြောင့် ဒီဥပဒေဟာ အနေတော်ဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ တစ်ချိန်လုံးမှာ အငြင်းပွားတဲ့ကိစ္စက Non တွေကို အရေးယူမယ် မယူဘူးကိစ္စပေါ့လေ။ ဒီဘက်က ကျွန်တော်တို့ CDM တွေကျတော့ သိပ်ပြီးတော့ သူသူငါငါ မျှော်မှန်းထားတာတွေလည်း အမှန်တိုင်းပြောရင် အဲဒီလောက်မရှိပါဘူး။ မရှိကြတဲ့အခါကျတော့ သိပ်ပြီးတော့ မပြောကြဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ တောက်လျှောက် အငြင်းပွားနေတာက Non ကို အရေးယူမယ် မယူဘူးဆိုတဲ့ကိစ္စပဲ အငြင်းပွားတော့ အဲဒီထဲမှာပါတဲ့ အချက်တွေကို ကြည့်လိုက်ရင် အနေတော်လိုပဲ ထင်တာပဲ”လို့ ဆိုပါတယ်။
ဒါ့အပြင် အရေးယူတဲ့နေရာမှာလည်း ပြည်သူလူထုကို ဒုက္ခပေးခဲ့တဲ့ တကယ့် Non CDM ဝန်ထမ်းတွေကို ရှာဖွေဖော်ထုတ်ပြီး အရေးယူသင့်တာဖြစ်သလို ထိရောက်တဲ့ အရေးယူမှုရှိမှသာ မျှတတဲ့ တရားမျှတမှုရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
CDM ဝန်ထမ်းတစ်ဦးကလည်း CDM ဝန်ထမ်းတွေကို လွှမ်းမိုးပြီး ထိုးနှက်တိုက်ခိုက်နေတဲ့ Non CDM ဝန်ထမ်းတွေကိုလည်း ရှာဖွေကာ အပြစ်ပေးအရေးယူသင့်တယ်လို့ ပြောပါတယ်။
“တကယ့်ကျတော့ Non တွေက ကျွန်တော်တို့ CDM တွေ ကြားထဲမှာ လွှမ်းမိုးမှုတွေရှိတာပေါ့။ လွှမ်းမိုးတယ်ဆိုတာက ကျွန်တော်တို့ဆိုရင် Nonတွေ ရှေ့မှာ မပြောမဆိုရဲတာတွေ ရှိတယ်။ နောက်တစ်ခါ ကျွန်တော်တို့ကို သူတို့က သတင်းတစ်ခု ထွက်ရင်ကို ပစ်မှတ်ထားပြီးတော့ သတင်းပေး တိုက်ခိုက်နေတာတွေ အများကြီးကြုံရပါတယ်။ Non တွေကို Boycott လုပ်မယ်ဗျာ။ နောက်ပြီးတော့ ဒီကျွန်တော်တို့ကို ထိုးနှက်တိုက်ခိုက်တာတွေကို တွေ့အောင်ရှာပြီးတော့ အပြစ်ပေးအရေးယူသင့်တယ်”လို့ ပြောပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူခံရတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ အရေးယူခံရပါက အရေးယူခံရတဲ့နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း အသနားခံစာတင်သွင်းနိုင်သလို အစိုးရက ပြင်ဆင်၊ ပယ်ဖျက်တာ ဒါမှမဟုတ် အတည်ပြု နိုင်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့နဲ့ Non CDM ဝန်ထမ်းတွေကို စိစစ်အရေးယူနိုင်ဖို့အတွက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းရမှာဖြစ်ပြီး ကော်မရှင်အနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေမှာတော့ အခန်း ၇ ခန်း ပါဝင်ပြီး အဲဒီထဲမှာ အဓိပ္ပာယ် ဖော်ပြချက်တွေ၊ ရည်ရွယ်ချက်တွေ၊ အသိအမှတ်ပြု အမှန်တရား ရှာဖွေဖော်ထုတ် တာတွေအပြင် အရေးယူတာတွေကအစ ပါဝင်တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI