ဘားအံ၊ ဇွန် ၁၅
ကရင်ပြည်ကော်သူးလေတည်ထောင်ဖို့ လူငယ်ပညာတတ်တွေဟာ ကဏ္ဍပေါင်းစုံမှာ ပါဝင်ဖြည့် ဆည်းပေးဖို့ လိုအပ်ပြီး လာမယ့်အနာဂတ်ကာလမှာ မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့ကသာလျှင် ဖန် ဆင်းပြီး စီမံအုပ်ချုပ်ချုပ်နိုင်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဇွန် ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကော်သူးလေနေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက မိန့်ခွန်းပြောကြားရာမှာ အခုလိုပဲ ထည့်သွင်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
KNU အနေနဲ့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းလျက်ရှိပြီး KNU ထိန်းချုပ်ထားတဲ့နယ်မြေမှာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုတွေကိုလည်း ချမှတ်သွားမှာဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
ဒီကနေ့ဟာ တော်လှန်ရေးအချိန်ကာလဖြစ်ပြီး မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်တွေကို ကျင့်သုံးကာ ပြည်တွင်းပဋိပက္ခကို ဖန်တီးနေတဲ့သူတွေကို အပြီးတိုင်တိုက်ဖျက်နိုင်ဖို့ဟာ ကရင်လူမျိုးတွေရဲ့ တာဝန်ဖြစ်တယ်လို့ KNU ဥက္ကဌက ပြောပါတယ်။
ကရင်ပြည် ကော်သူးလေကို အတူတကွထူထောင်တာနဲ့ တချိန်ထဲမှာပင် လူမျိုးတွေနဲ့ ပြည်သူတွေအားလုံး ငြိမ်းချမ်းကောင်းမွန်စွာနဲ့ နေထိုင်နိုင်မှုကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်မှုကိုလည်း အတူတကွကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိမိကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးတာဟာ တော်လှန်ရေးကာလမှာ ကိုင်စွဲရပ်တည်ရမယ့် နိုင်ငံရေးလမ်းညွှန်ချက်ဖြစ်တဲ့ မိမိနိုင်ငံရေးကံကြမ္မာ မိမိကိုယ်တိုင်ဖန်တီးရေးနဲ့ ကရင်လူမျိုးတွေသာမက လူမျိုးတွေအားလုံး ကြီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးတို့ကို လမ်းညွှန်ပေးခြင်းဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
ခေတ်ကာလနဲ့အညီ တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးတို့ကို နားလည်သဘောပေါက် တတ်ကျွမ်းရန် လေ့လာသင်ယူလျက် လာမယ့်အနာဂတ်ကာလမှာ မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့ကသာလျှင် ဖန်ဆင်းပြီး စီမံအုပ်ချုပ်ချုပ်နိုင်ဖို့ အနာဂတ်မျိုးဆက်သစ်တွေကို မွေးထုတ်သွားရမယ်လို့ ဆိုထားပါတယ်။
ကရင်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာ ကရင်လူမျိုးတို့ရဲ့ ရည်မှန်းချက်နဲ့ အိပ်မက်ဖြစ်တဲ့ ကော်သူးလေနိုင်ငံထူထောင်ခြင်းဖြစ်ပြီး ကရင်လူမျိုးအားလုံးရဲ့ စိတ်နှလုံးမှာ ကော်သူးလေနိုင်ငံဟာ စွဲမြဲရှိနေသည်မှာ ငြင်းပယ်လို့မရဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU