လော့စ်အန်ဂျယ်လိစ်၊ ဇွန် ၁၄

အမေရိကန်ရှိ အရှေ့တောင်အာရှ အသိုင်းအဝိုင်းကြား လူသိထင်ရှားသူ  မြန်မာအမျိုးသမီး တစ်ဦးဟာ မြန်မာ ဒုက္ခသည်တွေဆီက ငွေကြေး လိမ်လည်မှုနဲ့ ဒဏ်ငွေ ကန်ဒေါ်လာ ၃ ဒသမ ၂ သန်းချမှတ်ခံရပါတယ်။

တစ်ဒါဇင်လောက်ရှိတဲ့ မြန်မာဒုက္ခသည်တွေကို လိမ်လည်မှုနဲ့ ပတ်သက်လို့ လီဗီ ဆတ် နင်ထန်းကို စီးပွားရေးအရ ထိခိုက်နစ်နာမှု ဒေါ်လာ ၄၅၇၀၀၀၊ ပြစ်ဒဏ်ချမှတ်တဲ့အနေနဲ့ ပေးဆောင်ရမယ့် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ အမှန်တကယ် နစ်နာမှုရဲ့ သုံးဆအဖြစ် တရားရုံးက ချမှတ်တဲ့ ဒေါ်လာ ၁ ဒသမ ၄ သန်း ပေးဆောင်ဖို့ အမေရိကန်ဒေသဆိုင်ရာ တရားသူကြီး ဟာနန် ဗီရာက ဇွန် ၁၂ ရက်မှာ အမိန့်ချမှတ်ခဲ့တာပါ။

၂၀၀၁ ခုနှစ်မှာ မြန်မာဒုက္ခသည်အဖြစ် အမေရိကန်သို့ ရောက်ရှိလာသူ ထန်းဟာ မြန်မာ-အမေရိကန် အသိုင်းအဝိုင်းကြား လူသိများသူ ဖြစ်ပြီး ဖက်ရှင်၊ စာအုပ်နဲ့ ရေမွှေးလုပ်ငန်းတွေအထိ စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ စတင်ကာ သူက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း စာချုပ်တွေ ဝယ်ယူခဲ့ပေမယ့် တစ်ခါမှ အကောင်အထည် မဖော်ခဲ့ဘဲ အလုပ်သမား လူတန်းစားတွေကို ဈေးအများကြီး တင်ပြီး ပြန်ရောင်းခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာ တတ်မြောက်မှု အကန့်အသတ်ရှိပြီး အဲဒီ လုပ်ငန်း အကြောင်း နားမလည်တဲ့ မြန်မာဒုက္ခသည်တွေဟာ မစ္စစ်ထန်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတစ်ဆင့် မက်လုံးပေးမှုတွေကြောင့် ဝယ်ယူ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန် ရေနံဈေးကွက်မှာ လုပ်ကိုင်နေတာ မြန်မာပြည်က သူတစ်ယောက်တည်းပဲ ရှိပြီး မြန်မာနိုင်ငံက လာရောက်သူတွေအနေနဲ့ ရေနံမြေ ဝယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုရင် သူ့အနေနဲ့ မှတ်ပုံတင်ပေး နိုင်ကြောင်း မစ္စစ်ထန်းက ဖေ့စ်ဘွတ်ခ်မှာ ပြောဆိုထားပါတယ်။

သူ့အနေနဲ့ ဝယ်ဈေးနဲ့ပဲ ပြန်ရောင်းတာ ဖြစ်ပြီး အမြတ်မလိုဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လိမ်လည်ခံရသူတွေထဲမှာ အိမ်ပြန်ပြုပြင်ရေး အလုပ်သမား အဖြစ် အလုပ်လုပ်သူတွေ၊ သန့်ရှင်းရေးသမားတွေနဲ့ စားသောက်ဆိုင် ဝန်ထမ်းတွေ ပါဝင်နေပါတယ်။

သူတို့က စာချုပ်တွေ ဝယ်ရတာလို့ မထင်ဘဲ ရေနံမြေတွေ ဝယ်ယူထားတာလို့ ယုံကြည်ထားခဲ့ကြပြီး မစ္စစ်ထန်းရဲ့ အစ်ကိုက ရေနံ တူးဖော်ရေး ကူညီပေးမယ်ဆိုတဲ့ ကတိနဲ့ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ သူတို့ ဝယ်ယူထားတဲ့ ရေနံမြေတွေဟာ အမှန်တကယ် ရေနံ တူးလို့ မရတဲ့ မြေတွေ ဖြစ်နေပြီး နောက်ပိုင်းမှာ အစိုးရကို အခွန်ဆောင်ရတာတွေကြောင့် ငွေထပ်မသွင်းနိုင်တော့တဲ့သူတွေ ရှိလာပြီးနောက် တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref:CN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.