ဘားအံ၊ ဇွန် ၁၄
ကရင်ပြည်နယ် ဘားအံထောင်မှာ ဒီကနေ့ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းကစလို့ ထောင်ဆူပူမှုဖြစ်ပွားနေပြီး နိုင်ငံရေးအကျဉ်းသားအချို့ ရိုက်နှက်ခံနေရတယ်လို့ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထောင်ဆူပူမှုဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အဆောင်တွေကို ထောင်အာဏာပိုင်တွေက အင် အား အလုံးအရင်းနဲ့ ဝင်ရောက်စစ်ဆေးရာကနေ ဖြစ်ပွားနေတာလို့ သိရပါတယ်။
ထောင်ဆူပူမှု ဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီဘက်က စစ်တပ်ကိုပါ လုံခြုံရေးခေါ်ယူထားပြီး နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် နေထိုင်ရာအခန်းကိုလည်း စစ်ကောင်စီတပ်သားတွေနဲ့ ထောင်အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ထောင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဒီထောင်ဆူပူမှုဟာ အကျဉ်းသားနှစ်ဦးက နိုင်ငံအကျဉ်းသားအချို့ ဖုန်းခိုးသုံးစွဲနေကြောင်း တိုင်ကြားရာကနေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီထောင်ဆူပူမှုဟာ ဒီနေ့ နေ့လည်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး ထောင်တွင်းမှာလည်း အင်အားအများအပြား လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media