ဝါရှင်တန်၊ ဇွန် ၉

နိုင်ငံရေး အကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်အဲရစ်က သူ့မိခင်ရဲ့ အသက် ၈၀ မြောက် မွေးနေ့ကို ကမ္ဘာတဝန်းကနေ ဂုဏ်ပြုလိုသူတွေဆီက မွေးနေ့ဆုတောင်စကား ၈၀၀၀၀ ကမ္ဘာစံချိန်တင် ရရှိနိုင်ဖို့ စတင်ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံခဲ့ရပြီး ထောင် ၂၇ နှစ် ချမှတ်ခံထားရပါတယ်။

လာမယ့် ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဗီဒီယိုမက်ဆေ့ချ်နဲ့ အသံဖိုင်တွေ အွန်လိုင်းပေါ်တင်ပြီး ဂုဏ်ပြုကြဖို့ သားဖြစ်သူ ကင်က တိုက်တွန်းထားပြီး ဒီဂျစ်တယ် မွေးနေ့ကတ်ကို လက်မှတ်ရေးထိုးပေးကြဖို့ တောင်းဆိုထားပါတယ်။

အဲဒီ မွေးနေ့ ဆုတောင်းစကားတွေကို ဒစ်ဂျစ်တယ်သိုမှီးမှတ်ဉာဏ်ပြားတစ်ခုထဲ သိမ်းထားပြီးမှ ကင်အနေနဲ့ အခွင့်သာတဲ့ အချိန်မှာ သူ့မိခင်ဆီ ကိုယ်တိုင် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ကမ္ဘာတဝန်းက မည်သူမဆို ဗီဒီယိုဖိုင်၊ အသံဖိုင် တင်ပြီး အခမဲ့ ဆုတောင်း ဂုဏ်ပြုလို့ရနေပြီ လို့ ကင်က ပြောပါတယ်။

မြန်မာပြည်သူတို့အတွက် လူ့အခွင့်အရေး ရရှိရေးနဲ့ ဒီမိုကရေစီ ရရှိရေး သူ့ရဲ့ ဘဝကို မြှုပ်နှံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တသက်တာ ကာလ လေးပုံ တစ်ပုံလောက်ကို ထောင်ထဲမှာနဲ့ နေအိမ် အကျယ်ချုပ်မှာ ဖြတ်သန်းခဲ့ရပါတယ်။

သူ့အတွက် ဆုတောင်း စကားပေးပို့မယ့်သူတွေအနေနဲ့ ဇွန် ၄ ရက်ကနေ ဇွန် ၁၉ ရက်အထိ ပေးပို့နိုင်ကြောင်း သိရပါတယ်။

မိခင်ဖြစ်သူရဲ့ အသံတိတ်အင်အားနဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကင်ဟာ တစ်နေ့ကို ၁၀ ကီလိုမီတာ ၈ ရက်ဆက်တိုက် ပြေးမှာ ဖြစ်ပါတယ်။

သူက ဇွန် ၁၂ ရက်နဲ့ ၁၉ ရက်ကြားမှာ ပြေးဖို့ စီစဉ်ထားပြီး မြန်မာနိုင်ငံအတွက် ရန်ပုံငွေတွေလည်း ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ကမ္ဘာတဝန်းရှိ လူအများက ပန်းအပွင့် ၈၀ နဲ့ ဂုဏ်ပြုတာ စာသင်ကျောင်းတွေအတွက် စာအုပ် ၈၀ လှူဒါန်းတာ အပါအဝင် ၈ နဲ့ ၈၀ ဂဏန်းတွေကို ကိုယ်စားပြုတဲ့ တစ်နည်းနည်းနဲ့ ဂုဏ်ပြုဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

Ref:Independent

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.