တီဟီရန်၊ ဇွန် ၆
တီဟီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်တဲ့ ဆယ်စုနှစ်များစွာကြာ အငြင်းပွားမှု ဖြေရှင်းရေး အမေရိကန်ရဲ့ အဓိက တောင်းဆိုမှုကို အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပယ်ချပြီး ယူရေနီယံ သန့်စင်မှုကို စွန့်လွှတ်ရေးဟာ မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ ၁၀၀ ရာခိုင်နှုန်း ဆန့်ကျင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
နျူကလီးယား သဘောတူညီမှု အသစ် တစ်ရပ် ရရှိရေး အမေရိကန်ရဲ့ အဆိုပြုချက်ကို အိုမန်နိုင်ငံကနေတဆင့် အီရန်ဆီ တင်ပြခဲ့တာပါ။

သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အရှေ့အလယ်ပိုင်း ကိုယ်စားလှယ် စတိဗ် ဝှစ်ကော့ဖ်နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးအဘတ်စ် အရာချီတို့ ကြား ဆွေးနွေးမှုတွေကို အိုမန်က ကြားဝင် ကူညီပေးနေပါတယ်။
ပဉ္စမအကျော့ ဆွေးနွေးပြီးနောက်မှာ အီရန်က သူတို့ မြေပေါ်မှာ ယူရေနီယံ ဆက်လက် သန့်စင်ရေး တောင်းဆိုမှု အပါအဝင် ကိစ္စရပ်များစွာကို ပြေလည်အောင် ညှိနှိုင်းဖို့ လိုနေပါသေးတယ်။
နျူကီးယားဗုံး ထုတ်လုပ်နိုင်တဲ့ လက်ရှိ သန့်စင်ပြီးသား ယူရေနီယံတွေကို ပြည်ပပို့မယ်ဆိုတဲ့ ကိစ္စကိုလည်း တီဟီရန်က ငြင်းဆိုထားပါတယ်။
နိုင်ငံ့အရေးကိစ္စတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အပြီးသတ် ပြောဆိုလေ့ရှိသူ ခေါင်းဆောင် ခါမေနီက ဆွေးနွေးမှုတွေကို ရပ်တန့်သွားမှာ မဟုတ်ပေမယ့် ယူရေနီယံ သန့်စင်မှု ရပ်တန့်ရေး အမေရိကန်ရဲ့ တောင်းဆိုမှုက မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေတယ်လို့ ပြောခဲ့တာပါ။
အမေရိကန်ရဲ့ ရိုင်းစိုင်းမောက်မာတဲ့ ခေါင်းဆောင်တွေက အီရန်မှာ နျူကလီးယားစီမံကိန်း မရှိရဘူးလို့ တောင်းဆိုနေကြကြောင်း ခါမေနီက ပြောပါတယ်။

အီရန်အနေနဲ့ ယူရေနီယံ သန့်စင်ခွင့် ရှိတယ်၊ မရှိဘူးဆိုတာကို မိမိတို့ကပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အီရန်အနေနဲ့ နျူကလီးယား သဘောတူညီမှု အသစ်တစ်ရပ် ရယူဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရေးယူ ပိတ်ဆို့မှုတွေ ရှိလာမယ့်အပြင် ဗုံးကြဲ တိုက်ခိုက်ခံရနိုင်တယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။
အီရန်ရဲ့ မဟာပြိုင်ဖက် အစ္စရေးကလည်း အီရန်အနေနဲ့ နျူကလီးယား လက်နက် မပိုင်ဆိုင်စေရေး အီရန်ရှိ နျူကလီးယား တည်နေရာတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အီရန်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာ ဖြစ်ကြောင်း သတိပေးထားပါတယ်။
Ref:Reuters