ဝါရှင်တန်၊ ဇွန် ၆
ဘီလျံနာသူဌေးကြီး အီလွန်မက်စ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်တို့ကြား တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေက Tesla ကုမ္ပဏီရှိ အစုရှယ်ယာတွေကို ဇွန် ၅ ရက်မှာ ထုတ်ရောင်းပစ်ခဲ့ကြပါတယ်။
အီလွန်မက်စ်ပိုင်ဆိုင်တဲ့ အဲဒီ လျှပ်စစ်ကားကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ ၁၄ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး လများစွာအတွင်း အဆိုးရွားဆုံး နေ့ရက်တွေထဲက တစ်ရက်အဖြစ် စျေးကွက် တန်ဖိုး ကန်ဒေါ်လာ ၁၅၀ ဘီလီယံလောက် ဆုံးရှုံးခဲ့ရပါတယ်။

ရန်သူတွေလို့ ရှုမြင်ထားသူတွေကို တားဆီးဖို့ အစိုးရအာဏာကို ကိုင်စွဲထားတဲ့ အိမ်ဖြူတော်နဲ့ သူခွာပြဲလို့ရှိရင် အီလွန်မက်စ်အတွက် ဘယ်လို အန္တရာယ်ရှိနေသလဲဆိုတာကို အခု ဆုံးရှုံးမှုတွေက ဖော်ပြနေပါတယ်။
အငြင်းပွားမှု ထွက်ပေါ်လာချိန်မှာ အစိုးရနဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ စာချုပ်တွေ ချုပ်ဆိုထားတဲ့ SpaceX ဒုံးပျံယာဉ်လုပ်ငန်း အပြင် အီလွန်မက်စ်ရဲ့ကုမ္ပဏီတွေနဲ့ အစိုးရကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းပစ်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။

အဲဒီ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီလွန်မက်စ်က ဆက်လုပ်စမ်းပါလို့ ပြောဆိုထားတာ တွေ့ရပါတယ်။
လူမှုမီဒီယာမှာ တိုက်ရိုက် ထုတ်လွှင့်ရာကနေ မူဝါဒဆိုင်ရာ သဘောထားကွဲလွဲမှုတွေကတဆင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက် စော်ကားမှုတွေအထိ အရှိန်မြင့်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်ကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်သွားခဲ့ကြပြီး အီလွန်မက်စ်ရဲ့ကုမ္ပဏီမှာ ရှိနေတဲ့ သူတို့ရဲ့ ရှယ်ယာတွေကို ထုတ်ရောင်းခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထရန့်နဲ့ မဟာမိတ်ဖွဲ့လိုက်တဲ့အချိန်မှာ အီလွန်မက်စ်ရဲ့ ကုမ္ပဏီ အကျိုးများလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြာင့် အစုရှယ်ယာစျေးတွေ မြင့်တက်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ထရန့်နဲ့ အဆင်မပြေ ဖြစ်လာခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေ အီလွန်မက်စ်အပေါ် ယုံကြည်မှု နည်းလာခဲ့ပါတယ်။
အီလွန်မက်စ်က နောက်ပိုင်းမှာ သူ့ကုမ္ပဏီကို အာရုံမစိုက်တော့ဘဲ အစိုးရအလုပ်တွေကို စိတ်ဝင်စားနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါတယ်။
Ref:BBC