ဂျီနီဗာ၊ မေ ၂၁
ထိပ်တန်း အလှူရှင်နိုင်ငံ အမေရိကန်ကို လက်လွှတ်ဆုံးရှုံးရတော့မယ့် အခြေအနေမှာ ရန်ပုံငွေ ပိုမိုရရှိရေး ကြိုးပမ်းနေချိန် မေ ၂၀ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ ကျန်းမာရေး ညီလာခံမှာ တရုတ်က လာမယ့် ၅ နှစ်တာအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကို ကန်ဒေါ်လာ သန်း ၅၀၀ ထပ်ဆောင်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဂျီနီဗာမြို့မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း တရုတ် နိုင်ငံတော်ကောင်စီ လက်ထောက် ဝန်ကြီးချုပ် လွီကျိုးကျုံက အခုလိုမျိုး ကြေညာခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာ ကမ္ဘာကြီးဟာ တစ်ဖက်သတ်၊ အင်အားသုံး နိုင်ငံရေးရဲ့ ရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုံခြုံရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံစုံ ပါဝင်တဲ့ ဖြေရှင်းမှုကပဲ အခက်အခဲတွေကို ကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ လက်ထောက်ဝန်ကြီးချုပ် လွီက ကိုယ်စားလှယ်တွေကို ပြောကြားလိုက်တာပါ။
ဒေါ်နယ်ထရန့် အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် အဓိက ဖြစ်ပေါ်လာတဲ့ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် WHO က ၂၀၂၆-၂၀၂၇ ဘက်ဂျက်ကို ၂၁ ရာခိုင်နှုန်း ကန်ဒေါ်လာ ၄ ဒသမ၂ ဘီလီယံသို့ ပြန်လည် လျှော့ချထားပြီး ဖြစ်ပါတယ်။
မေ ၂၀ ရက်မှာ ညီလာခံက ဆုံးဖြတ်ခဲ့တဲ့ ဘက်ဂျက်အသစ်အရ လာမယ့် နှစ်နှစ်တာအတွက် နိုင်ငံအများက မဖြစ်မနေ ထည့်ဝင်ရမယ့် ငွေပမာဏကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်မှာ ဖြစ်ပြီး တရုတ်ဟာ အလှူငွေ အများဆုံး ထည့်ဝင်တဲ့ နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်က ကြေညာထားတဲ့ ဒေါ်လာ သန်း ၅၀၀ ဟာ တိုးမြှင့် သတ်မှတ်လိုက်တဲ့ အလှူငွေ ပမာဏမှာ ပါဝင်ပြီးသား ဟုတ်၊မဟုတ် ရှင်းရှင်းလင်းလင်း မသိရပါဘူး။
Ref:Reuters
