နေပြည်တော် ၊ မေ ၂၀
စစ်ကောင်စီက ဒီနှစ်ကုန်ပိုင်းမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံအစိုးရနဲ့ နိုင်ငံ့အရေးဆောင်ရွက်တာဟာ နိုင်ငံအတွက် အကောင်းဆုံးပဲလို့ ထုတ်ပြောလာပါတယ်။
မေ ၁၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်လာကြတဲ့ ကောင်စီဝင်တွေနဲ့ ဝန်ကြီးတွေကို အမှာစကားပြောကြားခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်လို့ ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ လျှောက်လှမ်းရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါကြောင့် မူလရည်ရွယ်ချက်မှာပါတဲ့အတိုင်း ရွေးကောက်ပွဲပြုလုပ်ရမှာဖြစ်ပြီး တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ ကျင်းပနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ်စလုံးမှာ ရာနှုန်းပြည့် ဆောင်ရွက်နိုင်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈၊ ပုဒ်မ ၁၅၅ အရ လွှတ်တော်ခေါ်ရာမှာ အထမြောက်တဲ့အပိုင်းတွေကို ထည့်သွင်းထားပြီး ဥပဒေတွေကို ချိန်ထိုးကြည့်ရာမှာ ရွေးကောက်ပွဲကို အထ မြောက်အောင် ဆောင်ရွက်နိုင်တာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ခံအစိုးရနဲ့ နိုင်ငံ့အရေးဆောင်ရွက်တာဟာ အကောင်းဆုံးဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်နဲ့ ဆောင် ရွက်နိုင်တာကို အခြေခံဥပဒေမှာ ပြဌာန်းထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ဒီဇင်ဘာ တတိယပတ်ကနေ ဇန်နဝါရီ ဒုတိယပတ်အထိ အထွေထွေရွေး ကောက်ပွဲကို တစ်လအတွင်း အပိုင်းလိုက်ကျင်းပနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းပေးရမှာပါ။
ဒါကြောင့် လက်ရှိ အရေးပေါ် သက်တမ်း ၆ လဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးပြီး အဲဒီနေ့မှာ ခေါ်ယူမယ့် ကာလုံအစည်းအဝေးကနေ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခင်းအကျင်းဖြစ်ဖို့ စစ်ကောင်စီက နိုင်ငံ့အာဏာအရပ်ရပ်ကို ပြန်လည်လွှဲအပ်ရမှာ ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ ကာလုံအစည်းအဝေးမှာ တင်ပြလာတဲ့အချက်တွေအပေါ် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ယာယီသမ္မတကပဲ အဆုံးအဖြတ်ပေးရမှာဖြစ်လို့ ယာယီသမ္မတရာထူးကို လွှဲပြောင်းရယူထားတဲ့ စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုသလို ဆုံးဖြတ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI