မော်လမြိုင်၊ မေ ၁၆
နိုင်ငံတဝန်းမှာ ငလျင်ဒဏ်ကြောင့် အပစ်ရပ်ကြေညာထားတဲ့ ဧပြီ ၃ ရက်နေ့ကနေ မေ ၁၃ ရက်နေ့အထိ ရက်ပေါင်း ၄၀ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈၀ ကျော် သေဆုံးခဲ့တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်ဟာ တိုင်းနဲ့ပြည် နယ် ၁၁ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၁၈၁ ကြိမ် ပြုလုပ်ခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၉၈ ဦး ရှိပြီး မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းတို့ဟာ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာရှိ စာ သင်ကျောင်းကို မေ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲမှုဖြစ်ပြီး ဆရာမတွေအပါအဝင် ကလေးသူငယ် ၂၄ ဦး သေဆုံးခဲ့ပါတယ်။
အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၄ ဦး ဒဏ်ရာရသူ ၄၃ ဦး ရှိပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် သတ်ဖြတ်ခံရသူ ၁၆၉ ဦး ရှိကာ အဲဒီထဲမှာ ၇ လအရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်တာပါ။
အခုလို အပစ်ရပ်ကာလအတွင်း စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သေဆုံးစေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာကြောင့် ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင် နိုင်ငံ တကာအသိုင်းအဝိုင်းတို့မှ တားဆီးအရေးယူပေးဖို့ NLD ပါတီက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ