အစ္စတန်ဘူလ်၊ မေ ၁၅

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တက်ရောက်ပေးဖို့ တောင်းဆိုထားပေမယ့် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ မေ ၁၅ ရက် ကျင်းပတဲ့ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်မယ့် ရုရှားအရာရှိများ စာရင်းမှာ သမ္မတ ဗလာဒီမာ ပူတင် မပါဝင်ဘူးလို့ သိရပါတယ်။

ရုရှားကိုယ်စားလှယ် အဖွဲ့ကို ပူတင် ကိုယ်စား သမ္မတရဲ့ လက်ထောက် အရာရှိ ဗလာဒီမာ မီဒင်စကီးက ဦးဆောင်မှာ ဖြစ်ကြောင်း ကရင်မလင်ရဲ့ ကြေညာချက်အရ သိရပါတယ်။

ပူတင်က သဘောတူရင် မိမိအနေနဲ့ ဆွေးနွေးပွဲ တက်ရောက်ပြီး သူ့ကို လူကိုယ်တိုင် တွေ့ဆုံသွားမယ်လို့ သမ္မတ ဇီလန်စကီးက အရင်က ပြောခဲ့ဖူးပါတယ်။

ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ခွင့်ရရှိရေး အရာအားလုံး လုပ်ဆောင်သွားမယ်လို့လည်း ဇီလန်စကီးက ပြောထားပါတယ်။

ပူတင် တက်မယ်ဆိုရင် သူလည်း တက်မယ်လို့ အရင်က ပြောထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်လည်း ဆွေးနွေးပွဲ တက်ရောက်မှာ မဟုတ်ဘူးလို့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အစ္စတန်ဘူလ်မြို့ ဒိုလ်မာဘက်ချ် နန်းတော်မှာ ဒေသစံတော်ချိန် ၁၀ နာရီ ဆွေးနွေးပွဲ စတင်မှာ ဖြစ်ပြီး မီဒီယာတွေ ဝင်ခွင့် ရှိမှာ မဟုတ်ဘူးလို့ ရုရှားသတင်းဌာန TASS က ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြပါတယ်။

တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံဖို့ ဇီလန်စကီးဟာ မြို့တော် အန်ကာရာသို့ မေ ၁၅ ရက် ရောက်ရှိမှာ ဖြစ်ပါတယ်။

အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ ပြုလုပ်တဲ့ တိုက်ရိုက်ဆွေးနွေးပွဲသို့ တက်ရောက်သွားမှာ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောထားပြီး ပူတင်တက်မှပဲ မိမိလည်း တက်မယ်လို့ ပြောပါတယ်။

ပူတင်နဲ့ ဇီလန်စကီးတို့ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက လူကိုယ်တိုင် တစ်ခါမှ မတွေ့ရသေးပါဘူး။

မော်စကိုက အိမ်နီးချင်းနိုင်ငံကို ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှု စတင်ပြီးနောက် အစ္စတန်ဘူလ်မြို့မှာ ၂၀၂၂ ခုနှစ်မတ်လမှာ ရုရှားနဲ့ ယူကရိန်းကြား နောက်ဆုံး တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီနောက်ပိုင်း ယူကရိန်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး ရုရှား တပ်တွေက အထူးသဖြင့် ယူကရိန်း အရှေ့ပိုင်း ဒေသတွေကို ဖြည်းဖြည်းချင်း သိမ်းယူခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲသို့ အမေရိကန်က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ စေလွှတ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.