EDITORS NOTE: Graphic content / Mourners react during a funeral of victims who were killed in a bombardment carried out by Myanmar's military at the Ohe Htein Twin village in Tabayin township, Sagaing Region, on May 12, 2025. A Myanmar junta airstrike hit a school on May 12 killing 22 people, including 20 children, witnesses said, despite a purported humanitarian ceasefire called to help the nation recover from a devastating earthquake. (Photo by AFP)

ဒီပဲယင်း ၊ မေ ၁၄

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မြေပြင်တိုက်ပွဲတွေမှာ အ‌ရေးနိမ့်လာနေတဲ့ စစ်ကောင်စီက အားသာချက်ဖြစ်တဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်ကို တွင်ကျယ်စွာ တိုက်ခိုက်တဲ့ စစ်နည်း ဗျူဟာကို အသုံးပြုလာနေပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း စွန့်လွှတ်နယ်မြေတွေအပါအဝင် တပ်စခန်းတွေ တပ်အင်အားနဲ့ လက်နက်ခဲယမ်းများစွာ ပြုန်းတီးခဲ့တဲ့အတွက် အရပ်သားတွေကို ဖိအားပေးတဲ့ စစ်နည်း ဗျူဟာနဲ့ လုပ်ဆောင်နေတာလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

စစ်နည်းဗျူဟာတွေဟာ သမာရိုးကျ မြေပြင်ခြေစစ်နဲ့ တိုက်စစ် သက်သက်မဟုတ်တော့ဘဲ ကူပေးနိုင်တဲ့ လက်နက်နည်းပညာတွေအဖြစ် ဒရုန်းနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေအပြင် စက်တပ်လေထီးတွေသုံးပြီး ကင်းထောက်တာနဲ့ ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာနေတာပါ။

အဲဒီလို လုပ်ဆောင်ရာမှာ စစ်ရေးအရဖြစ်စေ အုပ်ချုပ်ရေးအရဖြစ်စေ စစ်ကောင်စီ လက်လှမ်းမမီတဲ့ နယ်မြေစိုးမိုးမှုမရှိတဲ့နေရာမျိုးမှာ လူစုလူဝေးရှိတဲ့ အဆောက်အုံတွေကို ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်နေတာလို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။

“သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ထိခိုက်မှုနည်းပြီး များသော အားဖြင့် ပြည်သူတွေ ကလေးသူငယ်တွေ ကျောင်းသားတွေ၊ ဒီလိုမျိုးလူတွေကိုပဲ ဦးစားပေးပြီး ထိထိနေတာပေါ့။ အကြောင်းအရင်းက သူတို့အသုံးပြုလိုက်တဲ့ လက်နက်ခဲယမ်း လေကြောင်းကကြဲတဲ့ ဗုံးပဲဖြစ်ဖြစ် အကျိုးသက်ရောက်မှုက ထိခိုက်ပြီးတော့ သေကြေပျက်စီးသွားတယ်။ သူတို့က ပြည်သူကိုလည်း ရန်သူလို့ သတ်မှတ်မယ်။ အဲဒီလိုလူတွေရှိဖို့ ပိုပြီးတော့ လူစုလူဝေးရှိနိုင်တဲ့ နေရာမျိုးတွေကို ဗုံးကြဲပြီး တိုက်ခိုက်‌နေတာဖြစ်တယ်” လို့ ဆိုပါတယ်။

မေ ၃၁ ရက်နေ့အထိ အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက မြေပြင်ထိတွေ့တိုက်ပွဲမရှိဘဲ စာ သင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲခဲ့လို့ ကလေးသူငယ် ကျောင်းသားကျောင်းသူတွေ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းကို ကလေးတွေ အတန်းတင် စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန် မေ ၁၂ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်ကောင်စီ လေ တပ်ကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကျောင်းဆရာနှစ်ဦးအပါအဝင် ကျောင်းသားကျောင်းသူ ၂၂ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၆၀ ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

ဒေသခံတစ်ဦးက ရွာမှာမြေပြင်စစ်ကြောင်း မဝင်ရောက်တာ နှစ်နှစ်လောက်ရှိတာကြောင့် လေ ကြောင်းအန္တရာယ်သတိပေးမှုတွေကိုရယူပြီး စာသင်နေကြတဲ့အနေအထားမှာ အခုဖြစ်စဉ်ဟာ သတိလက်လွတ်ဖြစ်သွားတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှုမှာ ဆင့်ပွားပေါက်ကွဲစေတဲ့ Cluster ဗုံးအမျိုးအစားနှစ်လုံးကို အသုံးပြုခဲ့ကြောင်း မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့အတူ ကျန်ရှိတဲ့ ဗုံးခွံတွေအရ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အိုးထိန်းတွင်းကျေးရွာက စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပေါ် ငြင်းဆိုထားပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ မလုပ်ဘူးလို့ ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကသာ မြို့နယ်၊ကျေးရွာတွေကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေကနေ တန်ပြန်စွပ်စွဲထားတာပါ။

NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က စစ်ကောင်စီရဲ့ ဝါဒဖြန့်စွပ်စွဲမှုဟာ တော်လှန်ရေးနဲ့ ပြည်သူတွေကို သွေးခွဲတာဖြစ်ပြီး စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ရိုက်ဗုံးကြဲတာလို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“အဓိကကတော့ တော်လှန်ရေးနဲ့ပြည်သူလူထုကို သွေးခွဲချင်တဲ့ အဓိပ္ပာယ်လို့ ဒီလိုပဲ နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြောခွင့်ရဆိုသူ ဇော်မင်းထွန်းကိုယ်တိုင် အယ်လ်ဂျားဇီးရားနဲ့ အင်တာဗျုးမှာ ပြောသွားတယ်။ ဒီတော်လှန်ရေးအင်အားစုတွေ သူကတော့ အ ကြမ်းဖက်သမားတွေလို့ သုံးတာပေါ့။ တော်လှန်ရေးအင်အားစုတွေနဲ့ ရှိနေတယ်ဆိုရင် ကလေးကအစ ပစ်ခတ် သတ်ဖြတ်ခံရနိုင်တယ် ဆိုတာမျိုးပေါ့။ ဒီသဘောမျိုးကိုလည်း ပြောသွားတယ်။ အဲဒီလိုပဲ အခုနောက်ပိုင်းမှာဆိုရင်လည်း စာသင်ကျောင်းပေါ့။ ကလေးတွေ လူငယ်တွေ ကျောင်းသားလေးတွေ ကျောင်းသူလေးတွေရှိနေတဲ့ စာသင်ကျောင်းကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိကို တိုက်ရိုက်ပစ်တာပေါ့” လို့ဆိုပါတယ်။

လေကြောင်းက‌နေ တိုက်ခိုက်ဖို့ အမိန့်ပေးသူတွေ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေအားလုံးကို ဘာအကြောင်းကြောင့်နဲ့မှ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရှိစေရဘူးလို့ NUG ပညာရေးဝန်ကြီးဌာနက အသိပေးပါတယ်။

အာဏာသိမ်းမှုကို ဦးဆောင်သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စွန့်လွှတ်နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကတည်းက ရန်နိုင်မင်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက ဆုံးရှုံးခဲ့တဲ့နယ် မြေတွေကို ပြန်လည်သိမ်းယူနိုင်ရေး ရည်ရွယ်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးတစ်ရပ်ကို စစ်ကောင်စီ စီစဉ်ခဲ့ကြောင်း Myanmar Witness ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

နယ်မြေများစွာ လက်လွှတ်ထားရတဲ့ စစ်ကောင်စီက ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ကဏ္ဍစုံ ပြင်ဆင်နေသလို စစ်ရေးအရလည်း လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာနေတာပါ။

လေတပ်ကနေ CDM ပြုလုပ်ခဲ့တဲ့ တပ်ကြပ်ကြီး ဇေယျက စွန့်လွှတ်နယ်မြေတွေကို ရသလောက် ပြန်ယူဖို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားပစ်မှတ်တွေကို ဆက်ပြီး ဖိအားပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲမတိုင်ခင် သူတို့ ရသလောက်ပြန်ပြီး ထိန်းချုပ်မယ် ယူမယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တာ။ ဒီအရပ်သားထိခိုက်မှုတွေကတော့ လေကြောင်းတိုက်ခိုက်မှုကို တမင်သက်သက်ကို ဖိအားပေးတာပေါ့။ရက်ရက်စက်စက် သူတို့ရဲ့ နည်းဗျူဟာနဲ့ လုပ်ပြတဲ့ပုံစံမျိုးပါပဲ။လေကြောင်းတိုက်ခိုက်မှုတွေက ဒီထက်ပိုပြီး အရပ်သားပစ်မှတ်တွေကို လုပ်လာနိုင်တဲ့အနေအထားတွေလည်း ရှိတယ်။ဒါဟာ သူတို့ဘက်က အားသာတဲ့ဘက်ကနေ ဖိအားပေးတဲ့ပုံစံမျိုး ဆက်ပြီး လုပ်လာနိုင်တယ်လို့ မြင်ပါတယ်”လို့ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့ နယ်တချို့နဲ့ AA ထိန်းချုပ်ထားတဲ့ ရခိုင်က ရသေ့တောင်မြို့ နယ်အပါအဝင် တိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူမြို့နယ်က ကျေးရွာတချို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်အပါအဝင် ငလျင်သင့်ဒေသတွေမှာ ပြန်လည်ထူ‌ထောင်ရေးအတွက် စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကို မေလကုန်အထိ တ တိယကြိမ်အဖြစ် သက်တမ်းတိုးခဲ့တာပါ။

ဒါပေမယ့် အပစ်ရပ်ကာလတွေအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် ရန်ကုန်တိုင်းကလွဲရင် နိုင်ငံတဝန်းမှာ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KUN ပြောခွင့်ရ ပဒိုစောတောနီးက နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်တာမျိုး မရှိသလို စစ်ကောင်စီကလည်း ဘက်ပေါင်းစုံကျရှုံးနေတာကြောင့် မထူးဇာတ်ခင်းတာလို့ ပြောပါတယ်။

“ဒီလိုမျိုး ခဏခဏ ဖြစ်စေတဲ့ အကြောင်းရင်းကတော့ တစ်ဘက်ကနေကြည့်ရင် နိုင်ငံတကာအ သိုင်းအဝိုင်းက စစ်ကောင်စီကို ဒီလိုမျိုး လက်လွတ်စပယ်လုပ်တဲ့ ကိစ္စရပ်ကို ဘာမှအရေးယူဆောင်ရွက်တာမျိုး မဟုတ်ဘဲနဲ့ ဒီလိုပဲ ဘာမှထိရောက်မှုမရှိတဲ့ လုပ်ရပ်တွေနဲ့ပဲ လုပ်လာတဲ့အခါကျတော့ စစ်ကောင်စီဘက်ကနေ ပိုပြီးတော့ အတင့်ရဲသထက် ရဲလာပြီး လုပ်ချင်ရာ လုပ်နေတာပဲဖြစ်တယ်။ တစ်ဘက်ကနေ ကြည့်ပြန်တော့လည်း သူ (စကစ) စစ်ရေးဘက်မှာရော နိုင်ငံရေးမှာရော ဘက်ပေါင်းစုံကနေ ကျရှုံးနေတဲ့အခါကျတော့ မထူးဇာတ်ခင်းပြီး သူကလုပ်ဆောင်လာတဲ့အပိုင်းတွေပဲ ဖြစ်တယ်”လို့ ဆိုပါတယ်။

Justice for Myanmar ကတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကူညီဖြေရှင်းပေးရမယ့်အစား ထိရောက်တဲ့ နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေကို ဟန့်တားတာ၊ စစ်အုပ်စုနဲ့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ စီးပွားရေး ဆက်နွယ်မှုတွေကို မျက်ကွယ်ပြုခဲ့တဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်အုပ်စု ဆက်ပြီးကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံဟာ ကြံရာပါ ပတ်သက်နေတယ်လို့ မေ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.