ကျိုက်ထို၊ ဧပြီ ၁၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်းရေတံခွန်မှာ ရေလာကစားတဲ့ ညောင်လေးပင်မြို့နယ်က ပျူစောထီးခေါင်းဆောင်အပါအဝင် မိသားစုဝင် ၅၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခုမှာ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီ သြဇာခံ ပျူစောထီးခေါင်းဆောင် ဦးလှိုင်မင်း၊ ဒုတိပျူစောထီးခေါင်းဆောင် ကိုမဲကြီးအပါအဝင် မိသားစုဝင် ၄၈ ဦးကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးထားတဲ့ ပျူစောထီးခေါင်းဆောင်တွေအပါအဝင် မိသားစုဝင် အားလုံးကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မကြာမီ အသေးစိတ် အချက်အလက်ထုတ်ပြန်ပေးမယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဝါဒဖြန့် စစ်ကောင်စီ သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဖမ်းဆီးခံလိုက်ရတဲ့ သူတွေဟာ ကျိုက်ထီးရိုးစေတီကို ဘုရားဖူးလာတဲ့ သူတွေ ဖြစ်ပြီး အဲဒီထဲမှာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲက ၄၃ ဦးကို ဧပြီ ၁၆ ရက်နေ့မှာ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာကနေ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးသား ငါးဦးကိုတော့ သီးခြားခွဲထုတ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖော်ပြပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပျူစောထီးမိသားစုဝင်တွေ ဖမ်းဆီးခံရတဲ့ ကဒက်ချောင်းရေတံခွန်ဟာ စစ်ကောင်စီတပ် လုံခြုံရေးယူထားတဲ့ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်၊ ကင်မွန်းချောင်းနယ်မြေရဲစခန်းတို့နဲ့ မိုင်ဝက်တောင် မဝေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.