အင်းတော်၊ ဧပြီ ၉
၈ လအကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်း အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု ထုတ်ပြန်ပါတယ်။
အင်းတော် မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၈ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၇ ရက်နေ့ ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာပါ။

အင်းတော်မြို့သိမ်း စစ်ဆင်ရေးဟာ ရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်အနေနဲ့ စစ်ကူမရတာ၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့နိုင်မှု မရှိတာ၊ ထိခိုက်သေဆုံးမှု များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားကို တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်တဲ့ အဖွဲ့ဟာ ဧပြီ ၇ ရက် ည ၉ နာရီအချိန်ခန့်မှာ စခန်းစွန့်ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

အင်းတော်မြို့ဟာ စစ်ကောင်စီရဲ့ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် အခြေပြုရာ မြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲတဲ့ မြို့ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ ဟောင်ဝစ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG