ဘန်ကောက် မတ် ၂၈
မြန်မာနိုင်ငံ မန္တလေးမြို့ရဲ့ အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး အင်အားမဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး ဒီနေ့ မတ် ၂၈ ရက် နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့အပါအဝင် နိုင်ငံတွင်းက မြို့တော်တော်များများမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀၀ ကျော် ကွာဝေးတဲ့ ထိုင်းမြို့တော် ဘန်ကောက်အထိပါ ငလျင် သက်ရောက်မှုတွေ ခံစားခဲ့ရပါတယ်။
ဘန်ကောက်မြို့တော်မှာတော့ ငလျင်လှုပ်ခတ်မှု အရှိန်ကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတချို့ ထိခိုက်ခဲ့ရတယ်လို့ နစ်ကီအေးရှား သတင်းမှာ ရေးပါတယ်။

ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် မြေအောက်အနက် ၁၀ ကီလိုမီတာကို ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဌာနက ဆိုပါတယ်။ ကုန်းတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်မှု အန္တရာယ်တော့ နည်းပါတယ်လို့ ထိုင်းမိုးလေဝသဌာနက ဆိုပါတယ်။

အမေရိကန်ဘူမိဌာနကတော့ ကနဦးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ၆ ဒသမ ၄ ပြင်းအားရှိ နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
အမည်ဖော်ပြမထားတဲ့ မန္တလေးမြို့က အမျိုးသမီးတစ်ဦးကတော့ “အဆောက်အဦတော်တော်များများ ပြိုကျသွားတယ်။ စစ်ကိုင်းမှာရှိတဲ့ ကျမရဲ့ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူး။ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားဟောင်းလည်း ဧရာဝတီမြစ်ထဲ ပြိုကျသွားပါတယ်။ ရန်ကုန်ဒေသခံတစ်ဦးကတော့ မန္တလေးမှာရှိတဲ့ သူ့ရဲ့ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
သူက “ကျနော့်မိသားစုအတွက် ကျနော်အရမ်းစိုးရိမ်နေတယ်။ ကျနော့်မိဘတွေက မန္တလေးမြို့မှာရှိတဲ့ တော်တော်လေး အိုဟောင်းနေတဲ့ အဆောက်အအုံမှာ နေကြတာ” လို့ ပြောပါတယ်။

မြန်မာစစ်ကောင်စီကတော့ ငလျင်နဲ့ပတ်သက်လို့ တရားဝင်သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဘန်ကောက်မြို့မှာတော့ ကျတူကျက်ခရိုင်မှာရှိတဲ့ ဆောက်လက်စ အထပ်မြင့် ကွန်ဒိုအဆောက်အဦတစ်ခု ပြိုကျခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ အဲဒီအဆောက်အဦ လုပ်ငန်းခွင်ကနေ ဆောက်လုပ်ရေးလုပ်သားတွေ ထွက်ပြေးနေကြတာကို မြင်တွေ့ရပါတယ်။ အဲဒီလို ပြိုကျခဲ့ရတဲ့ အဆောက်အဦဟာ နိုင်ငံခြားသားခရီးသွားတွေကြား နာမည်ကျော်တဲ့ ကျတူကျက်ဈေးအနီးမှာ ရှိတာဖြစ်ပါတယ်။ လောလောဆယ်အထိ အဲဒီအဆောက်အဦ ပြိုကျမှုကြောင့် လူဘယ်နှဦး ထိခိုက်ခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။
ငလျင်ကြောင့် ဘန်ကောက်မြို့တဝန်းမှာရှိတဲ့ မိုးပျံအဆောက်အဦတွေ ယိမ်းထိုး လှုပ်ခါခဲ့ကြပြီး အလုပ်သမားတွေ၊ ဒေသခံတွေနဲ့ ခရီးသွားတွေကို အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ ကွန်ဒိုတွေနဲ့ သံရုံးတွေကနေ အမြန်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ထိုင်းစတော့အိတ်ချိန်လည်း ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ ထရိတ်ဒင်းလုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ပါတယ်။ ဘန်ကောက် မိုးပျံရထား BTS ဘူတာရုံနဲ့ မြေအောက် MRT ရထားစနစ်အားလုံးကိုလည်း ပိတ်ချထားလိုက်ပါတယ်။
ငလျင်ဗဟိုချက်ဟာ မြန်မာနယ်စပ် မဲဟောင်ဆောင်ပြည်နယ်ကနေ ကီလိုမီတာ ၂၂၀ အကွာမှာ ဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းမိုးလေဝသဌာန အထွေထွေညွှန်ကြားရေးမှူးက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ လဟာပြင်နေရာတွေမှာသာ နေထိုင်ကြဖို့နဲ့ အာဏာပိုင်တွေရဲ့ နောက်ထပ် ကြေညာချက်တွေကို စောင့်ကြဖို့ အဲဒီ အထွေထွေ ညွှန်ကြားရေးမှူးက Facebook တိုက်ရိုက်ထုတ်လွှင့်မှုကနေ တိုက်တွန်းထားပါတယ်။
Ref:asia.nikkei