ကမမောင်း၊ မတ် ၁၃
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေပြီး ကတိုင်တိကျေးရွာက BGF တပ်ရင်းဌာနချုပ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ဆက်လက်ခုခံနေဆဲဖြစ်တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကမမောင်းမြို့က စစ်ကောင်စီအထိုင်ချ စစ်ဗျူဟာစခန်း တိုက်ခိုက်မခံရဖို့အတွက် စစ်ကောင်စီတပ်ဟာ မြိုင်ကြီးငူကနေတဆင့် ကမမောင်းမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယအပတ်လောက်ကစလို့ တပ်အင်အားဖြည့်ဆည်းမှုတွေ လုပ်ဆောင်နေခဲ့တာပါ။
ကမမောင်းမြို့ထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်ဆည်းတာတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မတ်လအစောပိုင်းရက်တွေမှာ ကမမောင်းမြို့ကနေတဆင့် ကတိုင်တိကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလုပ်ဆောင်လာတဲ့အတွက် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ကတိုင်တိကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာဟာ ကတိုင်တိ BGF ၁၀၁၃ တပ်ရင်းဌာနချုပ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဆီ စစ်ကူပေးနိုင်ဖို့အတွက်ဖြစ်ပြီး ဒီလိုစစ်ကူလာရောက်ချိန်မှာ ပိတ် ဆို့တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်အထိနာပြီး ရှေ့ဆက်မတိုးနိုင်တော့ဘဲ ကမမောင်းမြို့ထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ရတာပါ။
ကမမောင်းမြို့မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ ၅ ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်တာတွေ လတ်တလောမှာတော့ မရှိသေးပေမယ့် စစ်ကောင်စီတပ်ကတော့ ဗျူ ဟာတိုက်ခိုက်မခံရဖို့အတွက် လက်နက်ကြီးတွေနဲ့ ကမမောင်းမြို့ အနီးပတ်ဝန်းကျင်နား ကျေးရွာတွေအပေါ် နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ ဖာပွန်ခရိုင် ကမမောင်းမြို့က ၉ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်ကွင်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူခဲ့ပြီး ဦးဇင်းတစ်ပါးနဲ့ ကိုရင်တစ်ပါး အပြင်းအ ထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ကတိုင်တိကျေးရွာက BGF ၁၀၁၃ တပ်ရင်းဌာနချုပ်ထဲမှာလည်း ဆက်လက်ခုခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က ပိတ်ဆို့ဝိုင်းရံထားဆဲဖြစ်နေပြီး စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၇၀၀၀၀ နီးပါး ရှိနေတယ်လို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media