နေပြည်တော် ၊ မတ် ၁၃

ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကို ထုတ်ပြောပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက အပြုသဘောဆောင်တဲ့ ပူးပေါင်းမှုတွေအတွက် မတ် ၁၁ ရက်နေ့မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း အထွေထွေရွေး ကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီ အစောပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ ထုတ်ပြောထားတာပါ။

မစ္စတာ တိန့်ရှီကျွင်းက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ စစ်ကောင်စီ အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ရွေးကောက်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင်မှုတွေအပေါ် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ ပူးပေါင်းမှုတွေ ပြုလုပ်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေအပါအဝင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အွန်လိုင်းလောင်းကစားမှုနဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ ပပျောက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေအပါအဝင် နယ်စပ်ဒေသကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့တာပါ။

မတ် ၁၀ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မစ္စတာ တိန့်ရှီကျွင်းတို့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး၊နယ်စပ်တည်ငြိမ်ရေး၊လူမှုစီးပွားတိုးတက်ရေးစတဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။

လေ့လာသူတွေကတော့ စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေရဲ့ ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဉ်အပြီး တ ရုတ်အထူးကိုယ်စားလှယ်က နေပြည်တော်ကို ရောက်ချလာတာဟာ သံတမန်နည်းအရ အကဲခတ်ပြီး မြန်မာ့အရေး ပစ်ပယ်မထားကြောင်း လာပြောတာလို့ သုံးသပ်ကြပါတယ်။

ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံက နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး ဖိတ်ခေါ်ချက်အရ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေဟာ မတ် ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ တစ်ပတ်အကြာ သွားရောက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစတဲ့ကဏ္ဍအစုံမှာ နှစ်နိုင်ငံအစိုးရတွေနဲ့ အကျိုးတူပူးပေါင်းတဲ့ သဘောတူစာချုပ်တွေ ရေးထိုးနိုင်ခဲ့ပြီး ရွေးကောက်ပွဲကိုလည်း ရုရှားနဲ့ ဘယ်လာရုစ်က ထောက်ခံပေးမယ့်အပြင် အကူအညီပေးသွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.