လှိုင်းဘွဲ၊ မတ် ၁
ကရင်အမျိုးသားအစည်းအရုံး KNU ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေအပါအဝင် ခရိုင် ၃ ခုမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေးအခြေအနေ ပိုမိုတင်းမာလာပြီး ဒေသခံအရပ်သားပြည်သူတွေ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
KNU ဖားအံခရိုင် တပ်မဟာ ၇ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထိုင်းနယ် စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လှိုင်းဘွဲမြို့နယ်ထဲက ကျေးရွာ ၃ ရွာက ဒေသခံပြည်သူဦးရေ ၃၀၀ ကျော်ဟာ နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲ တိမ်း ရှောင်ရောက်ရှိလာသလို အချို့စစ်ဘေးရှောင်တွေကလည်း အခြားဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကမမောင်းမြို့မှာလည်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေ ထပ်မံလုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေ ထပ်မံစစ်ဘေးရှောင်နေရပါတယ်။
ဖေဖော်ဝါရီလ တတိယအပတ်လောက်ကစပြီး ကမမောင်းမြို့အနီးပတ်ဝန်းကျင်ကို KNLA တပ်မ ဟာ ၅ ပူးပေါင်းတပ်ဖွဲ့တွေ ချဉ်းကပ်ရောက်ရှိလာတယ်ဆိုပြီး စစ်ကောင်စီတပ်က ကမမောင်းမြို့အနီးက ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူထောင်ချီ မြိုင်ကြီးငူကို စစ်ဘေးရှောင်နေရတာပါ။
စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့က ဗျူဟာစခန်းမကျရေးအတွက် မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်းမှာရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင် ၇၀ ဝန်းကျင်ခန့်ကို ပြန်လည်ရုတ်သိမ်းစေခဲ့ပြီး ကမမောင်းမြို့ကို စစ်ကူပေးဖို့ အင်အားဖြည့်ဆည်းတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
KNU တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့အနီးတဝိုက်က နေရာ ၃ ခုမှာလည်း စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျလက်အောက်ခံစစ်ကြောင်းတွေနဲ့ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့အကြား အခုလကုန်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ပြင်းထန်နေလျက်ရှိပြီး လက်နက်ကြီးကျည်အချို့ဟာ ကော့ကရိတ်မြို့ထဲ ကျရောက်ပေါက်ကွဲခဲ့တာရှိပါတယ်။
ဒါ့အပြင် တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း၊ ခုနှစ်ဝါ၊ ပန်းအောင်ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က အခုရက်ပိုင်းထဲ လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘာသာရေးအဆောက်အဦနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ကာ သံဃာအပါအဝင် ပြည်သူ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNLA