နေပြည်တော် ၊ မတ် ၁

နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ဖို့ မြန်မာကျူအာ MMQR စနစ်ကို အသုံးပြုသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ငွေပေးချေမှုအ တွက် National QR Standard ဖြစ်တဲ့ MMQR စတင် အသုံးပြုခြင်း အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ လက်ရှိစစ်ကောင်စီအနေနဲ့ ငွေကြေးရိုက်ထုတ်ရာမှာ အခက် အခဲရှိတာကြောင့် တဖက်လှည့်နဲ့ ဒီစနစ်ကိုကျင့်သုံးတာ ဖြစ်သလို လျှပ်စစ်မီးတောင် ပုံမှန်မရတာကြောင့် အားလုံးလွှမ်းခြုံနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တဖက်လှည့်နဲ့ ဒါကို ပြန်ပြီးတော့ ငွေကြေး မထုတ်တော့ဘဲနဲ့ ထုတ်လုပ်ဖို့လည်း အခက်အခဲတွေ ရှိမှာပေါ့။ သူတို့ဘက်ကလည်း ငွေစက္ကူဝယ်ယူဖို့တို့ ဘာတို့ နိုင်ငံခြားငွေ ရှားပါးလာတဲ့ အပေါ်မှာလည်း သူတို့ဒီစနစ်ကိုရွှေ့တယ်လို့ အစ်ကိုတို့ကတော့မြင်တယ်။ လူတိုင်းဒါကြီးကိုသုံးနိုင်တဲ့ အနေ အထား တစ်ခုတော့လည်း မဟုတ်သေးဘူး။ ရောက်လည်း မရောက်သေးပါဘူး။ နောက်ပြီးတော့ ဒီလို ဒီဂျစ်တယ် နည်းပညာအရလည်းပဲ ဒီနိုင်ငံမှာက အများကြီးလိုသေးတယ်လေ။ နေရာတိုင်းမှာလည်း လျှပ်စစ်မီးရရှိမှုတွေက အစပေါ့၊ ဆက်နွယ်နေတယ်ဆိုတော့ သက်ရောက်မှုကတော့ အား လုံးအပေါ်ကို မလွှမ်းခြုံနိုင်သေးပါဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အသုံးပြုမယ့် MMQR စနစ်ဟာ ဒီဂျစ်တယ်စနစ် ဖြစ်တာကြောင့် အင်တာနက်လိုအပ်ပြီး လက်ရှိစစ်ကောင်စီက နိုင်ငံအတွင်းရှိတချို့ ဒေသတွေမှာ အင်တာနက်ဖြတ်တောက် ထားတဲ့အတွက် အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ သူကထောက်ပြပါတယ်။

စစ်ခေါင်းဆောင်က လက်ရှိဗဟိုဘဏ်ဟာ နိုင်ငံရဲ့ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ငွေပေးချေမှုစနစ်ကို ခေတ်နဲ့အညီ တိုးတက်လာဖို့၊ နိုင်ငံတကာ စံသတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်နိုင်ဖို့၊ အများပြည်သူ နေ့စဉ်လူမှုဘဝ ငွေလွဲပြောင်းပေးချေတဲ့နေရာမှာ လုံခြုံစိတ်ချပြီး လွယ်ကူလျင်မြန်အောင် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ငွေရေးကြေးရေးစနစ်မှာ ပြည်သူအားလုံးအလုံးစုံ ပါဝင်လာနိုင်ရေးကို မြှင့်တင်နိုင်ဖို့၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ် သုံးစွဲမှုကို လျှော့ချပြီး ဒီဂျစ်တယ် ပေးချေမှုတွေကို တိုးမြှင့်သုံးစွဲနိုင်ဖို့ အပြင် နိုင်ငံရဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်ပ ငွေလွဲမှုဆိုင်ရာ ကိစ္စရပ်တွေမှာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ အတွက် MMQR စနစ်ကို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘဏ်ဝန်ထမ်းတစ်ဦးကတော့ လက်ရှိ MMQR စနစ်ဟာ ဘဏ်တွေ အကုန်လုံးရဲ့ ငွေပေးချေမှုစနစ်တွေ အကုန်လုံးကို စုစည်းပြီး စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထိန်းလိုက်တဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။

“သူ့ကျူအာကုတ်က ကြိုက်တဲ့ Pay အကုန်လက်ခံတယ်ဗျာ။ အခုဆိုရင် K Pay၊ Wave Pay၊ ဧရာ ဝတီအကုန်လက်ခံတယ်။ ဥပမာ Pay တွေ အကုန်လုံးကို သူစုလိုက်တယ်၊ သူပဲ ထိန်းလိုက်တာပေါ့။ မြန်မာ Pay ဆိုပြီးတော့၊ ဗဟိုဘဏ်က ထိန်းလိုက်တာပေါ့။ အခုဆိုရင်ဆိုင်တွေမှာ ကျွန်တော်တို့ဆို စတိုးဆိုင်တစ်ဆိုင်ပေါ့လေ။ Wave Money နဲ့လည်း ရှင်းတယ်ဗျာ၊ တချို့ ဆိုင်တွေ ဆိုရင် Wave Money အတွက်ကို သက်သက် ကျူအာကုတ်တစ်ကုတ် ရှိရတယ်။ KBZ Pay ဆိုလည်း သက်သက် ကျူအာကုတ် တစ်ခုရှိရတယ်။ သူက အဲဒီလိုမဟုတ်ဘူး။ တစ်ခုတည်းနဲ့ ပြီးတယ်။ သူ Pay တွေ အကုန်လုံးကို ပြန်ထိန်းတဲ့ပုံစံပေါ့” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ MMQR စနစ် ပြုလုပ်ရတာဟာ ဒီဂျစ်တယ် ဘဏ်လုပ်ငန်းတွေ ပိုမို ဖွံ့ဖြိုးပြီး ဘဏ်တွေအကြား ကွဲပြားတဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးသူတွေကြား မြန်မြန်ဆန်ဆန် ချိတ်ဆက် ဆောင်ရွက်နိုင်မယ့်စနစ်တစ်ခု လိုအပ်တာကြောင့် ကျူအာကုတ်ကို မြန်မာနိုင်ငံ အမျိုး သား စံသတ်မှတ်ချက်အဆင့် အသုံးပြုပြီး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်မှာ စစ်ခေါင်းဆောင်ကတော့ MMQR စနစ်ကို အသုံးပြုပြီး ငွေပေးချေမှုနဲ့ အစိုးရအခွန်အ ခ၊ မီတာခပေးချေတာ၊ ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံ့ဝန်ထမ်း လစာပေးချေတာတွေ၊ ပင်စင် ထုတ်ပေးတာ၊ အသေးစားစီးပွားရေးလုပ်ငန်းနဲ့ စက်သုံးဆီ အရောင်းဆိုင်အပြင် ပုဂ္ဂလိကဆေးရုံတွေမှာပါ အ သုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ကျူအာကုတ်စနစ်ကို ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က ၂၀၂၀-၂၀၂၅ ခုနှစ်မှာ အမျိုး သား ငွေပေးချေမှုစနစ် မဟာဗျူဟာအရ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးပြီး ဘဏ်တွေကြားနဲ့ ကွဲပြားတဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးသူတွေကြားမှာ မြန်မြန်ဆန်ဆန် ချိတ်ဆက် ဆောင်ရွက်နိုင်မယ့်စနစ်တစ်ခု လိုအပ်တာကြောင့် ပြုလုပ်ခဲ့တာပါ။

အခုလို ပြုလုပ်ခဲ့ပြီးနောက် ကျူအာကုတ် ငွေပေးချေရေးစနစ် အတွက် Technical Specification Version 1.0 ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်ကတည်းက စတင်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.