မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃
မွန်ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် အတူတကွ တွန်းလှန်သွားဖို့ တိုက်တွန်းကြောင်း မွန်အဖွဲ့အစည်း ၆ ဖွဲ့က ဒီကနေ့ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ပူးတွဲကြေညာပါတယ်။
လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီညီ ဖော်ဆောင်မှသာ မွန်တို့လိုလားတောင့်တနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ မွန်ပြည်ကို ရရှိမှာဖြစ်ပြီး ဂုဏ်သိက္ခာရှိရှိ လွတ်လပ်စွာ ရှင်သန်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ကို ရရှိနိုင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် မွန်အဖွဲ့အစည်း ၆ ဖွဲ့က စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ လွတ်လပ်တဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် အတူတကွ အရှိန်မြှင့် လက်တွဲလုပ်ဆောင်ကြမှာဖြစ်ကြောင်း ကတိပြုကာ အချက် ၅ ချက်ကို တိုက်တွန်းတောင်းဆိုတာပါ။
မွန်ပြည်သူတွေ လိုလားတဲ့ တစ်ခုတည်းသော မွန်ပြည်အစိုးရ အမြန်ဆုံးဖော်ဆောင်ပေးရေးနဲ့ စစ်အာဏာရှင်စနစ်ကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် ကျရာကဏ္ဍကနေ အတူတကွ တွန်း လှန်တိုက်ပွဲဝင်သွားဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် မွန်ပြည်လွတ်မြောက်ရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် တိုက်ပွဲဝင်နေသူတွေကို ပြည်တွင်းပြည်ပရှိ မွန်လူထုကနေ ဝင်ရောက်အားဖြည့် ကူညီထောက်ပံ့ပေးဖို့ကိုလည်း တိုက်တွန်းထားတာပါ။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲနဲ့ အကျိုးတူ ပူးပေါင်းနေသူအားလုံးကို ဘုံရန်သူအဖြစ် သတ်မှတ်ဆန့်ကျင်သွားရေးနဲ့ မွန်ဒေသအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုအ ကူအညီတွေ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တောင်းဆိုထားပါတယ်။
ပူးတွဲကြေညာချက်မှာတော့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မွန်အမျိုးသားကောင်စီ – ဩစတေးလျ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ၊မွန်အမျိုးသမီးနဲ့ ကလေးအခွင့်အရေးအဖွဲ့တို့ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NRFF