မော်လမြိုင်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ လေးနှစ်အတွင်း စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ကျန်းမာရေးကဏ္ဍနဲ့ ပညာရေးကဏ္ဍက လူပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

အာဏာသိမ်းကာလ လေးနှစ်အတွင်း စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၂၄၅ ကျောင်းနဲ့ ဆေးရုံ ၃၄၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ပညားရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမ စုစုပေါင်း ၂၅၀ ဦး ကျော်သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၈၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ချက်ကြောင့် ကျန်းမာရေးကဏ္ဍမှ CDM ကျန်းမာရေးဝန်ထမ်း ၁၃၃ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၁၃၅ ဦး ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM သူနာပြုဆရာမတစ်ဦး၊ ကျန်မာရေး ဝန်ထမ်းတစ်ဦးနဲ့ အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ပါတယ်။

NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဆေရုံပေါင်း ၁၀၆ ရုံ၊ ဆေးခန်းပေါင်း ၈၀၈ ခန်း၊ ရွေ့လျားဆေးခန်း ၂၀၀ ခန့်တို့ကို မြို့နယ်ပေါင်း ၁၉၀ ကျော်မှာ မြေပြင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.