မော်လမြိုင် ဖေဖော်ဝါရီ ၅
အာဆီယံ ဥက္ကဌ မလေးရှားနိုင်ငံက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အော့မန် ဟာရှင် Othman Hashim ဟာ ဖေဖော်ဝါရီ ၆ ရက်ကနေ ၈ ရက်အထိ နေပြည်တော်ကို လာရောက်မှာဖြစ်ပြီး စစ်ကောင်စီ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး Thai PBS သတင်းမှာ ဖော်ပြပါတယ်။
အဲဒီသတင်းရင်းမြစ်ရဲ့အဆိုအရ ဟာရှင်ဟာ ၃ ရက်ကြာမြင့်မယ့် သူ့ရဲ့ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တခြား သက်ဆိုင်သူတချို့နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ စိတ်ဆန္ဒရှိတဲ့အကြောင်း ဖော်ပြ ပြောဆိုခဲ့တယ်လို့ အဲဒီသတင်းမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အထူးကိုယ်စားလှယ်အဖြစ် ဝါရင့်သံတမန်တစ်ဦးဖြစ်တဲ့ ဟာရှင်ကို တရားဝင် ခန့်အပ်ခဲ့တာပါ။ မလေးရှား နိုင်ငံခြားရေးဌာနရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်တဲ့ ဟာရှင်ဟာ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ် မူ ၅ ချက်ကို အကောင်အထည်ဖော်နိုင်စေဖို့ တာဝန်ပေးခံထားရပါတယ်။
မလေးရှားကတော့ ဥက္ကဌအဖြစ် ဦးဆောင်နေစဉ်ကာလအတွင်းမှာ အာဆီယံဟာ အနည်းငယ်သော တိုးတက်မှုသာ ရရှိခဲ့တဲ့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဦးစားပေးဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက်မှုတွေ ရပ်စဲရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေဟာ အာဆီယံရဲ့ အစည်းအဝေးတွေမှာ အရေးကြီးတဲ့ကိစ္စရပ်တွေအဖြစ် ရှိနေမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
နေရာစွန့်ခွာရသူ အရေအတွက် တိုးများလာတာနဲ့အတူ ဒေသတွေအားလုံးမှာ ထိခိုက်ခံစားခဲ့ရသူတွေဆီ လူသားစာနာ ထောက်ကူမှုတွေ ပိုပြီး ပေးပို့နိုင်ဖို့ အရေးတကြီး လိုအပ်နေတာပါ။
ပြီးခဲ့တဲ့နှစ်မှာ ‘၁၀၂၇’ စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေဟာ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ကျေးလက်ဒေသတွေမှာ နယ်မြေထိန်းချုပ်မှုကို ရရှိနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပါအဝင် အတိုက်အခံ အင်အားစုတွေရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့အချိန်တည်းမှာပဲ အုပ်ချုပ်ရေး အာဏာကို ဆက်ကိုင်ထားနိုင်ဆဲဖြစ်ပါတယ်။
Ref:ThaiPBS