“အောင်မြင်မှု အပြည့်အဝမရသေးတာတောင်မှ အရင်ကထက်စာရင် ကျွန်တော်တို့ တိုးတက်မှုကောင်းကောင်း တွေ့ရတယ်။ စစ်ကောင်စီဘက်ကလည်း တော်တော်လေးကို ထိတ်လန့်သွားတဲ့ အနေအထား တွေ့ရတယ်” – လောင်းလုံးမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၈ ရက်မှာ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်တို့ပါဝင်တဲ့ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၂၃ ရက်မှာ တပ်ပေါင်းစုရဲ့ ပထမဆုံးတိုက်ပွဲအဖြစ် ကျော်နီမော်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီလိုမျိုး ထားဝယ်ခရိုင်အတွင်းက တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး တပ်ပေါင်းစုဖွဲ့လိုက်ရတဲ့ အကြောင်းအရင်း၊ ကျောက်နီမော် ၅ ရက်တိုက်ပွဲအကြောင်း၊ စစ်ရေးလှုပ်ရှားမှုမှာ ရင်ဆိုင်ရတဲ့အခက်အခဲတွေ၊ စစ်ကောင်စီဘက်က အရေးနိမ့်မှု အခြေအနေတွေနဲ့ လက်ရှိ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေအကြောင်း အသေးစိတ်သိရနိုင်ဖို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။

မေး – အရင်ဆုံး ဆရာတို့ ထားဝယ်ခရိုင်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်းရတဲ့ အကြောင်းအရင်းကို ပြောပြပေးပါ။

ဖြေ – တပ်ပေါင်းစု ဖွဲ့စည်းရတဲ့ အဓိကရည်ရွယ်ချက်က ထားဝယ်ခရိုင် ဒေသတစ်ခုလုံးမှာ အင်အားတွေရှိတယ်။ တော်လှန်ရေးအင်အားစုတွေပေါ့ စုစည်းချင်တာ။ စုစည်းပြီး သူလည်းတိုက်တာပဲ။ ကိုယ်လည်း တိုက်တာပဲ။ 

သူ့အင်အား ကိုယ့်အင်အားနဲ့ သွားနေရင် ထိရောက်မှုမရှိဘူး ဖြစ်နေတယ်။ အဲဒါတွေကို စုစည်းပြီး တပ်ပေါင်းစုအနေနဲ့ စုစည်းဖို့ ကြိုးစားတာ။ တပ်‌ပေါင်းစုဖြစ်လာရင် အင်အားအလုံးအရင်းနဲ့ ရန်သူကို ထိရောက်တိုက်နိုင်ဖို့ ရည်ရွယ်တာပေါ့။

မေး – လက်ရှိမှာ ဆရာတို့ တပ်ပေါင်းစုက ဦးဆောင်ပြီး တိုက်ပွဲဖော်ဆောင်တာ တွေ့ရတယ်ပေါ့နော်။ ဘယ်လို အားသာချက်တွေ ရှိလဲ။

ဖြေ – တိုက်ပွဲကို အကုန်လုံးစုစည်းပြီးရင် တိုက်ပွဲဖော်ဆောင်တာ ရှိတယ်။ တိုက်ပွဲဖော်ဆောင်ရာမှာ ကျွန်တော်တို့ တပ်‌ပေါင်းစုအနေနဲ့ ဖော်ဆောင်တာနဲ့ ရိုးရိုးတစ်ဖွဲ့ချင်းစီ သူနိုင်ရာသူ တိုက်ပွဲဖော်ဆောင်တာနဲ့ ကွာခြားချက် ရှိတယ်။ 

ရက်ရှည်တိုက်တဲ့ ပုံစံမျိုးတွေ လုပ်နိုင်ခဲ့တယ်။ တပ်ပေါင်းစုအနေနဲ့ ကျောက်နီမော်တိုက်ပွဲကို ကျွန်တော်တို့ ၅ ရက်လောက် တောင့်ခံပြီး တိုက်နေခဲ့တယ်။ စကစက တိုက်နေတာတောင် ၅ ရက်လောက်အထိ ကျွန်တော်တို့တိုက်နိုင်ခဲ့တယ်။

အောင်မြင်မှု အပြည့်အဝ မရသေးတာတောင်မှ အရင်ကထက်စာရင် ကျွန်တော်တို့ တိုးတက်မှုကောင်းကောင်း တွေ့ရတယ်။ စစ်ကောင်စီဘက်ကလည်း တော်တော်လေးကို ထိတ်လန့်သွားတဲ့ အနေအထား တွေ့ရတယ်။

မေး – ဒီလိုမျိုး တပ်ပေါင်းစုအနေနဲ့ စုတိုက်တဲ့အခါမှာရော ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာတွေ ရှိလဲ။

ဖြေ – အဓိကအခက်အခဲကတော့ ရန်သူကနေ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုနဲ့ စစ်ကူပေးတဲ့အခါမျိုးမှာ ကျွန်တော်တို့ အနေနဲ့ ကောင်းကောင်း တောင့်ခံနိုင်တဲ့အနေအထားမှာ ရှိတယ်။ အဲဒါက အဓိက အခက်အခဲလို့ ပြောလို့ရတယ်။ 

လက်နက်ခဲယမ်းက စစ်သင်္ဘောနဲ့ လာပြီးတော့ ပစ်တဲ့အခါ ကျွန်တော်တို့က စစ်သင်္ဘောကို ပြန်ပြီး ကာပစ်နိုင်ဖို့ အဲဒီလက်နက်ခဲယမ်းတွေ အားနည်းတာရှိတယ်။ အားနည်းချက်တွေကတော့ အများကြီးပဲ။ တခြားတော့ သိပ်မရှိဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲရင် ကျွန်တော်တို့က ပြန်မခုခံနိုင်တာ ရှိတယ်။ 

စစ်သင်္ဘောနဲ့ တောက်လျှောက်ပစ်နေရင် စစ်သင်္ဘောလုံးဝဆုတ်သွားအောင် ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ရှေ့ဆက်တိုးမယ့်ဟာက အဲဒီလိုအခက်အခဲရှိတယ်။

မေး – လောင်းလုံး ကျောက်နီမော်တိုက်ပွဲနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် တပ်ပေါင်းစုအတွက် ပထမဦးဆုံး တိုက်ပွဲဖြစ်တာကြောင့် ဘယ်လောက်ထိ လုပ်နိုင်မယ်လို့ မျှော်မှန်းထားခဲ့လဲ။ လက်တွေ့မှာရော ဘာတွေ ကွာခြားသွားတာရှိလဲ။

ဖြေ – တပ်ပေါင်းစုအဖြစ် ပထမဆုံးပွဲကို ဖော်ဆောင်တဲ့အခါမှာ စိတ်ဓာတ်ရေးရာရော အကုန်လုံးတက်ကြွပြီး ရန်သူကို ချေမှုန်းဖို့ပဲ အာရုံစိုက်ကြတယ်။ သိပ်ပြဿနာမရှိဘူး အကုန်လုံးက အဆင်ပြေတယ်။ ကျောက်နီမော်တိုက်ပွဲက ရေကြောင်းရော၊ လေကြောင်းပါ နယ်မြေအနေအထားအရ  အန္တရာယ်ပေးနိုင်တယ်။ 

ကျွန်တော်တို့က  ကုန်းကြောင်းတစ်ကြောင်းပဲ ယူနိုင်တယ်။ ကျွန်တော်တို့က အပြတ်တိုက်နိုင်ဖို့ ကြိုးစားနေတယ်။ မဖြစ်လာတဲ့ အနေအထားမှာ ပြဿနာ သိပ်မရှိဘူး။ ပထမဦးပိုင်းမှာ ဒီလောက်ထိ လုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ ပြန်ဆုတ်လာနိုင်ခဲ့တယ်။ 

သူတို့စခန်းတစ်ခုကိုလည်း သိမ်းထားနိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ စစ်ကူလာတဲ့ အင်အားတွေကို တော်တော်များများ ချေမှုန်းနိုင်ခဲ့တယ်။

မေး – ထားဝယ်ခရိုင် တပ်ပေါင်းစု ပွဲဦးထွက် တိုက်ပွဲမှာပဲ စခန်းတစ်ခု သိမ်းနိုင်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံးခဲ့တဲ့ အပေါ်မှာရော ဘာပြောချင်တာရှိလဲ။

ဖြေ – အဓိက စုစည်းမှုနဲ့သွားတဲ့အခါ စစ်ကောင်စီဘက်ကလည်း တော်တော်လေး ခုခံရတယ်။ ကျွန်တော်တို့ စုစည်းထားတဲ့ တပ်ပေါင်းစုက ထားဝယ်ခရိုင် လေးမြို့နယ် ပကဖတွေပါမယ်။ PDF တွေပါမယ်။စုစည်းပြီးသွားနေတာ ဖြစ်တယ်။ 

နောက်ပိုင်းကျရင် ပြည်တွင်းထဲရော ပါလာရင် ဒီထက်မက လုပ်နိုင်မယ်။ အခုဒီပွဲမှာ သူတို့ထိတ်လန့်သွားတာ တွေ့ရတယ်။ တိုက်ပွဲမှာ သူတို့က ၁ နာရီ၊ ၂ နာရီလောက်ဆို ပြန်ဆုတ်သွားမယ်လို့ ယူဆထားကြတာ။ တကယ်က ၅ ရက်လောက်အထိ တောင့်ခံပြီးတော့ တိုက်ပွဲကို တောက်လျှောက် ဖော်ဆောင်နိုင်တယ်။

မေး – နောက်ဆုံးအနေနဲ့ လက်ရှိ ထားဝယ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ – သရက်ချောင်းဘက်မှာ စစ်ကြောင်းထိုးနေတာတွေ ရှိတယ်။ ထားဝယ်ခရိုင် လေးမြို့နယ်မှာ သူတို့အင်အားပို့ဆောင်တာတွေ လုပ်ခဲ့တယ်။ အရှေ့မှာလည်း ကျောက်နီမော်ကနေ သူတို့ရေကြောင်းကနေ ထားဝယ်မြို့ထဲကို လုပ်ခဲ့ပြီးပြီ။ 

စစ်မှုထမ်းအပတ်စဉ်တွေကနေလည်း သူတို့အင်အားတွေလိုက်ပြီး သုံးနေတာရှိတယ်။ မြို့ထဲရော ကျန်တဲ့နေရာရော သူတို့အင်အားတွေ ရှိတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ – DDP2

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.