ဖာပွန်၊ ဇန်နဝါရီ ၁၁

ကရင်ပြည်နယ် ဖာပွန်ခရိုင် လှဂွန်းပျိုကျေးရွာထဲမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အ မျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

KNU တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျိုစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန် နဝါရီ ၇ ရက်နေ့ ညနေပိုင်းမှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

လှဂွန်းပျိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးပေမယ့် စစ်ကောင်စီတပ်သားတချို့ စခန်းစွန့်ခွာ ထွက်ပြေးတာနဲ့ လက်နက်ချအညံ့ခံတာတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျိုတပ်စခန်းဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အစပ်နား ဖာပွန်-ဘီးလင်း ကားလမ်းအနီး ဘီးလင်းမြစ်ကမ်းပေါ် လှဂွန်းပျိုကျေးရွာမှာ အ ခြေစိုက်တပ်စွဲထားတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။

လှဂွန်းပျိုစခန်းကို တိုက်ခိုက်သိမ်းယူနိုင်တဲ့အတွက် KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်-ဘီးလင်းလမ်းပေါ်မှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီး တပ်မဟာ ၁ နယ်မြေ ဖာပွန်-ဘီးလင်းလမ်းပေါ်မှာသာ စစ်ကောင်စီတပ်အချို့ ကျန်ရှိတော့တာဖြစ်ပါတယ်။

လှဂွန်းပျိုစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်မချဘဲ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားအချို့ကို KNLA တပ်မဟာ ၅ က လိုက်လံရှင်းလင်းတိုက်ခိုက်နေပြီး လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ အရာရှိအဆင့်အပါအဝင် တပ်သား ၁၀ ကျော်ပါဝင်တယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဆက်တိုက်ဆိုသလိုသိမ်းပိုက်ခံနေရပြီး ကျန်ရှိနေတဲ့ ဖာပွန်စစ်ဗျူဟာဟာလည်း ဝိုင်းရံပိတ်ဆို့ခံထားရပါတယ်။

ဖာပွန်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်ကလေ ကြောင်းပစ်ကူတွေနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်နေပြီး နှစ်ဖက်စစ်ရေးပြင်ထန်နေမှုကြောင့် ဒေ သခံပြည်သူတွေဟာ တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေနဲ့ ကမမောင်းမြို့၊ မြိုင်ကြီးငူဒေသထဲကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.