ဘေဂျင်း၊ ဇန်နဝါရီ ၇

တရုတ်နိုင်ငံရဲ့ ထိပ်တန်း စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီ နှစ်ပတ်လည် အစီအစဉ် ရေးဆွဲရေး အစည်းအဝေးအတွက် မြို့တော်ဘေဂျင်းမှာ ထိပ်တန်းခေါင်းဆောင်တွေ စုဝေးမှုအတွင်း သမ္မတ ရှီကျင့်ဖျင်က အကျင့်ပျက် ခြစားမှုကို အင်အားကုန် ထုတ်သုံးပြီး တိုက်ဖျက်သွားမယ်လို့ ဇန်နဝါရီ ၆ ရက်က ကြွေးကြော်လိုက်ပါတယ်။

မိမိတို့ အနေနဲ့ အကျင့်ပျက် ခြစားမှုကို နည်းလမ်းပေါင်းစုံ သုံးပြီး အမြဲမပြတ် တိုက်ဖျက်သွားရမှာ ဖြစ်တယ်လို့ သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့တာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုကျော်က အာဏာရလာခဲ့ပြီးနောက်ပိုင်း တရုတ်ခေါင်းဆောင် ရှီဟာ အရာရှိတွေရဲ့ အကျင့်ပျက် ခြစားမှုကို ဦးဆောင် တိုက်ဖျက်နေပါတယ်။

ထောက်ခံသူတွေကတော့ အဲဒီ မူဝါဒဟာ သန့်ရှင်းတဲ့ အုပ်ချုပ်မှု ဖြစ်လာစေရေးအတွက်လို့ ပြောဆိုနေကြပေမယ့် ဝေဖန်သူတွေကတော့ သမ္မတ ရှီကျင့်ဖျင်ဟာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းစဉ် တပ်ပြီး သူ့ရဲ့ ပြိုင်ဖက်တွေကို နှိမ်နှင်းနေတယ်လို့ ပြောဆိုထားကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း အာဏာရ ကွန်မြူနစ်ပါတီက ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိတွေကို ကြီးလေးတဲ့ စည်းကမ်းချိုးဖောက်မှုနဲ့ စုံစမ်း စစ်ဆေးပြီး အရေးယူခဲ့တာက အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအတွက် တရုတ် အစိုးရသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ဘေဂျင်းရဲ့ သြဇာ အကြီးမားဆုံး ဗဟို စစ်ရေးကော်မရှင် အဖွဲ့ဝင် ရေတပ် ဗိုလ်ချုပ်ကြီး တစ်ဦးလည်း အကျင့်ပျက် ခြစားမှုနဲ့ အရေးယူခံခဲ့ရ ပါတယ်။

အကျင့်ပျက် ခြစားမှုနဲ့ အရေးယူခံရတဲ့ ထိပ်တန်းအရာရှိတွေထဲမှာ ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးလည်း ပါဝင်ပါတယ်။

စစ်တပ် အနေနဲ့ အကျင့်ပျက် ခြစားမှုတွေကို ထိထိ ရောက်ရောက် တိုက်ဖျက်ဖို့ လိုအပ်ကြောင်း သမ္မတ ရှီက သတိပေးထားပြီး အခုအချိန်မှာ အရင်ကထက် အင်တိုက်အားတိုက် တိုက်ဖျက်ရေး လုပ်ဆောင် သွားမယ်လို့ ပြောကြားထားပါတယ်။

အကျင့်ပျက် ခြစားမှုဟာ မိမိတို့ ကွန်မြူနစ်ပါတီအတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်ပြီး ယင်ကောင်တွေကနေ ကျားကြီးတွေအထိ အကျင့်ပျက် ခြစားမှုကို အမြစ်လှန် တိုက်ဖျက်ပစ်ရမယ်လို့ တရုတ်သမ္မတက ပြောဆိုခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.