“မွန်တော်လှန်ရေးလက်နက်ကိုင် လေးဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက်မှာ သဘောတရားရပ်တည်ချက်အပြင် လက်တွေ့အကောင်အထည်ဖော်မှုတွေလည်း ပါနေတဲ့အတွက်ကြောင့် မွန်ပြည်သူပြည်သားများရဲ့ မျှော်လင့်ချက်အတိုင်း အမှန်တကယ် ဖြစ်မှာပါလို့ ပြောရမှာပါ” – ဒေါက်တာ သီရိမွန်ချမ်း (MSDF တပ်မှူး)
စစ်ကောင်စီ စိုးမိုးနယ်မြေတွေ အားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် MNLA AD ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ဟာ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တပ်အသီးသီးက ပူးတွဲကြေညာပါတယ်။
ဒီဇင်ဘာ ၁၈ ရက်က အဲဒီ မွန်တပ် ၄ တပ်ရဲ့ တွေ့ဆုံမှုအတွင်း စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး မွန်တော်လှန်ရေးတပ်တွေအားလုံးပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ တပ် ၄ တပ် ပူးတွဲစစ်ဆင်ရေးလုပ်ဖို့ သဘောတူညီခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းကို သံလွင်တိုင်းမ်က အခုလိုပဲမေးမြန်းထားပါတယ်။
မေး – အခုလို မွန်တော်လှန်ရေးတပ် ၄ တပ် သဘောတူညီမှုရဖို့ ဘယ်အခြေအနေ အကြောင်းကြောင့် ဖြစ်နိုင်မလဲ။
ဖြေ – မွန်တော်လှန်ရေးလက်နက်ကိုင်လေးဖွဲ့ သဘောတူမှုရဖို့ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ တောင်းဆိုမှုကြောင့်ရယ် ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ မွန်ပြည်သူပြည်သားများရဲ့ တောင်းဆိုမှုကြောင့်လည်း ပါပါတယ်။
မွန်ပြည်သူပြည်သားများက မွန်လက်နက်ကိုင်တပ်တွေ အားလုံး တစ်စုတစ်စည်းတည်း ပေါင်းစည်းပြီးတော့ မွန်လက်နက်ကိုင်တပ် တစ်တပ်တည်းအဖြစ် လှုပ်ရှားဖို့ အစဉ်တစိုက်တောင်းဆို လာခဲ့တာလည်း ရှိပါတယ်။
မေး – ပထမအဆင့် စစ်ရေးပူးတွဲလှုပ်ရှားမယ်ဆိုတော့ သက်ဆိုင်ရာ ကိုယ့်ရဲ့ လှုပ်ရှားနယ်မြေတွေကျော်ပြီး ပေါင်းတိုက်မယ့် သဘောလား။
ဖြေ – ပထမအဆင့်အနေနဲ့ စစ်ရေးပူးတွဲလှုပ်ရှားမှုက တပ်ပေါင်းစုတစ်ခုအနေနဲ့ မိမိတို့လှုပ်ရှားနေတဲ့ ဒေသအပြင် မွန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ တိုင်းဒေသကြီး အပါအဝင် စစ်ဒေသတစ်ခုလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ စစ်ဆင်ရေးတွေ လုပ်သွားမယ့်သဘောပါ။
အခုလောလောဆယ်တပ်ဖွဲ့လေးဖွဲ့ရဲ့ လှုပ်ရှားနေတဲ့ ဒေသအပြင် တပ်ဖွဲ့လေးဖွဲ့မှာ ဖွဲ့စည်းထားတဲ့ ကွပ်ကဲရေးအဖွဲ့ သို့မဟုတ် စစ်ဦးစီးအဖွဲ့အနေနဲ့ ဖြစ်ဖြစ် စစ်ရေးသုံးသပ်မှုတွေ ပြုလုပ်ပြီးတော့ ဘယ်ဒေသ၊ ဘယ်နေရာမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဖို့ ဆုံးဖြတ်ပြီးရင်တော့ ပူးပေါင်းတပ်ဖွဲ့တွေ ကျတော့ မိမိတို့ရဲ့ ထိန်းချုပ်နယ်မြေ၊ လှုပ်ရှားနယ်မြေကို ကျော်ပြီး မွန်ပြည်နယ်နဲ့ တိုင်းဒေသကြီးထဲမှာ လိုအပ်နေတဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ဖို့ လိုအပ်တဲ့နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်သွားမယ်ဆိုတဲ့ သဘောမျိုးပါ။
မေး – လတ်တလော မွန်တော်လှန်ရေးအဖွဲ့တွေ ပူးတွဲပြီး ဒီကြေညာချက်အတိုင်း တိုက်ပွဲဆင်နွှဲတာတွေ ရှိလာနိုင်မလား။
ဖြေ – ချမှတ်ထားတဲ့ သဘောတူညီချက်အတိုင်း လောလောဆယ် ပူးတွဲစစ်ဆင်ရေးတွေ ရှိလာမှာပါ။ ဒီစစ်ဆင်ရေးတွေအတွက် သဘောတူညီချက်ကို ရပြီးတာနဲ့ စတင်အကောင်အထည်ဖော်မှုတွေလည်း လုပ်နေပါတယ်ခင်ဗျ။
မေး – နိုင်ငံရေးဦးဆောင်မှုရှိတဲ့ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ မွန်တပ်ဖြစ်ဖို့ဆို မွန်လူထုတွေ ဘယ်တော့ မျှော်လင့်လို့ ရနိုင်မလဲ။
ဖြေ – အခုချိန်မှာ အထူးသဖြင့် မွန်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ မွန်ပြည်သူလူထုတွေ မျှော်လင့်ထားတဲ့ မွန်နိုင်ငံရေးဉီးဆောင်မှုရှိတဲ့ မွန်တပ်တော်ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ တော်တော်လေး နီးကပ်လာပြီလို့ ပြောလို့ရမှာပါ။
မွန်တော်လှန်ရေးလက်နက်ကိုင် လေးဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက်မှာ သဘောတရားရပ်တည်ချက်အပြင် လက်တွေ့အကောင်အထည်ဖော်မှုတွေလည်း ပါနေတဲ့အတွက်ကြောင့် မွန်ပြည်သူပြည်သားများရဲ့ မျှော်လင့်ချက်အတိုင်း အမှန်တကယ် ဖြစ်မှာပါလို့ ပြောရမှာပါ။
မေး – ဒီအတွက် ပြည်သူတွေကို ဘာများ တိုက်တွန်းချင်မလဲ။
ဖြေ -ထပ်ဖြည့်ပြောချင်တာက မိမိတို့ တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်နဲ့ ဆက်စပ်တိုင်းဒေသကြီးတွေမှာ ဒီလိုမျိုးစစ်ရေးအရ ဗျူဟာမြောက် ပေါင်းစည်းထားတဲ့ တပ်ပေါင်းစုတစ်ခု မရှိဘဲ တကွဲတပြားစီ လှုပ်ရှားနေတဲ့အတွက် ထိရောက်တဲ့စစ်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်ခဲ့ဘူး။
ဒါကြောင့်မို့ အခုလိုဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် တော်လှန်ရေးအတွက် အများကြီး အထောက်အကူဖြစ်လာမှာပါလို့ မွန်ပြည်သူပြည်သားများကို ပြောချင်တယ်။
နောက်ပြီး မိမိတို့ အမျိုးသားတော်လှန်ရေး ဒီမိုကရေစီအရေးအတွက် မိမိတို့ မွန်လက်နက်ကိုင်တပ်တွေ ပေါင်းစည်းနိုင်ခဲ့တဲ့အတွက် အလွန်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။
ဒီထက်ပိုပြီး မွန်တော်လှန်ရေးလက်နက်ကိုင် တပ်တွေရဲ့ ပေါင်းစည်း ညီညွတ်မှုကနေတဆင့် မွန်တစ်မျိုးသားလုံး ပေါင်းစည်းညီညွတ်မှု အဖြစ် အမျိုးသားလွတ်မြောက်ရေးပန်းတိုင် ဒီမိုကရေစီပန်းတိုင်နဲ့ နွေဉီးတော်လှန်ရေး ပန်းတိုင်တို့ တမျိုးသားလုံး လက်တွဲညီညီ တိုက်ပွဲဝင်သွားကြပါစို့လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်ပြည်သူပြည်သားများနဲ့ ပြည်သူလူထုအားလုံးကို သတင်းစကားပါးချင်ပါတယ်ခင်ဗျ။
သံလွင်တိုင်းမ်