သံဖြူဇရပ်၊ ဒီဇင်ဘာ ၁၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကုန်းမြင့်သာယာကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က လူ ငယ် ၁ ဦး မိုင်းထိသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာ မိုင်းထိသေဆုံးနေတဲ့ ပငကျေးရွာနေ အသက် ၂၀ ကျော်အရွယ် မောင်သက်အောင်ရဲ့ ရုပ်အလောင်းကို သူအစေးလှီးနေတဲ့ ရော်ဘာခြံအတွင်းမှာ မိသားစုဝင်တွေက ရှာ ဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။

မြေမြှုပ်မိုင်းထိထားတဲ့ ဒဏ်ရာတွေက သေလောက်တဲ့ ဒဏ်ရာတွေမဟုတ်ပေမယ့် မိုင်းထိချိန်မှာ ကူညီပေးမယ့် သူမရှိတာကြောင့် သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးခဲ့သူ မောက်သက်အောင်မှာ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိထားပြီး သွေးထွက်လွန်သေဆုံးတာဖြစ်နိုင်သလို သေဆုံးနေတာလည်း ရက်ကြာနေပြီဖြစ်တဲ့ ပုံစံရှိနေတယ်လို့ သိရပါတယ်။

ဒေသခံတွေ သုံးသပ်ပြောဆိုမှုအရ အဲဒီမြေမြှုပ်မိုင်းက စစ်ကောင်စီတပ်သားတွေထောင်လေ့ရှိတဲ့ မြေမြှုပ်မိုင်း အမျိုးအစားဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အလောင်းကိုတော့ မိသားစုဝင်တွေက နေအိမ်ပြန်သယ်သွားပြီး ဒေသထုံးစံနဲ့အညီ သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး မောင်သက်အောင်က ရော်ဘာအစေးလှီးသွားမယ်လို့ဆိုပြီး နေအိမ်ကနေ ကုန်းမြင့်သာယာရွာဆီ ထွက်သွားရာကနေ နေအိမ်ပြန်ရောက်မလာဘဲ ပျောက် ဆုံးနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းလောက်စပြီး သံဖြူဇရပ်မြို့နယ်အတွင်း ရေး-သံဖြူဇရပ်ကားလမ်း အရှေ့ခြမ်းက ကျေးရွာတွေဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေ သွားလာလှုပ်ရှားနေပြီး နှစ်ဖက်လုံးက မိုင်းတွေထောင်ထားလေ့ရှိတယ်လို့ သိရှိရပါတယ်။

ယူနီဆက်ဖ်မြန်မာရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်ရဲ့ပထမ ၆ လတာကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၇၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.