မော်လမြိုင်၊ ဒီဇင်ဘာလ ၁၂
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ အခုနှစ်ဇန်နဝါရီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၁၁ လတာကာလအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံပြည်သူ ၁၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူတွေဟာ မြေမြှုပ်မိုင်းပေါက်ကွဲတာ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ လက်နက်ကြီး ထိမှန်တာတွေကြောင့် သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၇ ဦးရှိပြီး အမျိုးသား ၉၁ ဦးနဲ့ အမျိုးသမီး ၃၆ ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၂၅၉ ဦးအထိ ရှိပြီး အဲဒီအထဲမှာ အမျိုးသား ၁၄၈ ဦးနဲ့အမျိုးသမီး ၁၁၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က PDF နဲ့ ဆက်စပ် ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူ ၂၇၂ ဦး အထိရှိခဲ့သလို စစ်ကောင်စီနဲ့ပတ်သက်တယ်ဆိုပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ ဖမ်းဆီးခံရသူတွေလည်းရှိနေပေမယ့် စာရင်းကောက်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးတာ၊ အစဖျောက်သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ တိုက်ပွဲအတွင်း ဓား စာခံအနေနဲ့ အသုံးပြုတာ၊ ပြည်သူပိုင်အိုးအိမ်ပစ္စည်းတွေကို သိမ်းယူဖျက်ဆီးတာစတဲ့ လူအခွင့်အရေးချိူးဖောက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အဲဒီလဂွန်းအိမ်စာစဉ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media