မကွေး၊ ဒီဇင်ဘာ ၁၃
မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းမှာ စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် မနက် ၁ နာရီဝန်းကျင်မှာ အဲဒီရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား အ ချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး အဲဒီနေ့မနက်ပိုင်းမှာပဲ အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို နာရေးယာဉ်နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ညသန်းခေါင်ကျော် ၁ နာရီလောက်မှာ သေနတ်သံတွေ လေးငါးချက် ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးနောက် မနက်ပိုင်းမှာ နာရေးယာဉ်နဲ့ သယ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုခဲ့ပါတယ်။
မဲဇလီရဲစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၄၀ ဝန်းကျင်ရှိပြီး ပစ်ခတ်မှုဖြစ်ပွားတာက တော့ စစ်ကောင်စီတပ်သားအချင်းချင်း ဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး မနက်ပိုင်း ၇ နာရီဝန်းကျင်မှာတင် ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေနဲ့ ဝါစိုက်ပျိုးရေးတပ်က ဗိုလ်မှူးမင်းပိုင်စိုးတို့လာရောက်ခဲ့တာပါ။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ မဲဇလီရဲစခန်းမှာ တာဝန်ကျနေသူတွေကတော့ PDF ကပစ်ခတ်လို့ ပြန်ပစ်တယ်လို့ ပြောဆိုနေကြပေမဲ့ PDF တွေနဲ့ မဲဇလီစခန်းက အလှမ်းဝေးတယ်လို့ ဒေသခံတွေကပြော ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း မဲဇလီရဲစခန်းက ရဲတပ်သားတစ်ဦး ထွက်ပြေးသွားတယ်လို့ သိရပြီး စခန်းတွင်းပြဿနာတွေနဲ့ ကြုံနေရတယ်လို့ နီးစပ်သူတွေကပြောပါတယ်။
ပြီးခဲ့တဲ့လ နိုဝင်ဘာ ၂၇ ရက်က မဲဇလီတံတားကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ပြီးနောက် ပိုင်း တံတားလုံခြုံရေးချထားမှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
အခုအချိန်မှာ မဲဇလီရဲစခန်းကနေ ထွက်ပြေးတဲ့ ရဲတပ်သား ၃ ဦးနဲ့ စစ်ကောင်စီတပ်သား ၁ ဦး၊ ဝါစိုက်ပျိုးရေးတပ်က ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၃ ဦး အထိ ရှိလာပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ