ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၂

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ အဓိကတပ်မှူးက သမ္မတ အာဆတ် လက်ထက်မှာ ဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့သူတွေကို လိုက်လံရှာဖွေပြီး အပြစ်ပေးမယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံထဲမှာ ရှိနေရင်လည်း လိုက်လံ ရှာဖွေမှာ ဖြစ်သလို တခြားနိုင်ငံတွေဆီ ထွက်ပြေးသွားရင်လည်း ပြန်လည်လွှဲအပ်ဖို့ တောင်းဆိုပြီး ဥပဒေအတိုင်း အပြစ်ပေးသွားမှာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်တွေရဲ့ အဓိကခေါင်းဆောင် အဘူ မိုဟာမက် အယ်လ် ဂျိုလာနီက ဆီးရီးယားနိုင်ငံပိုင် ရုပ်သံကတစ်ဆင့် ပြောကြားခဲ့တာပါ။

ဂိုဏ်းဂဏတွေနဲ့ လူမျိုးရေးဆိုင်ရာ စည်းတွေအကြား ၁၃ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် နိုင်ငံလည်း ပျက်စီးသွားချိန်မှာ ဆီးရီးယားရဲ့ အုပ်ချုပ်သူအသစ်တွေအနေနဲ့ နိုင်ငံကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ပါ့မလား၊ အကြမ်းဖက် လက်စားချေ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ပါ့မလားဆိုတာ နိုင်ငံတကာက သတိထား စောင့်ကြည့် နေကြပါတယ်။

သမ္မတ အာဆတ် မိသားစုရဲ့ ဆယ်စုနှစ် ငါးခုကြာ အုပ်စိုးထားမှု အတွင်း ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဖိနှိပ်မှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။

အရင်က အယ်လ်ကိုင်ဒါအဖွဲ့နဲ့ မဟာမိတ် ခေါင်းဆောင် ဂျိုလာနီရဲ့ HTS လက်နက်ကိုင်အဖွဲ့ဟာ အခုအချိန် ဆီးရီးယားမှာ အင်အား အကောင်းဆုံး တော်လှန်ရေး တပ်တွေထဲက တစ်ခု ဖြစ်နေတာကြောင့် ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှု ပြန်လည် ဆောင်ကျဉ်းပေးသွားမယ်လို့ ကြွေးကြော်ထားပါတယ်။

အစိုးရအဖွဲ့ အသစ်ကို ဦးဆောင်နိုင်ဖို့ ခေါင်းဆောင် ဂျိုလာနီ တင်မြှောက်ထားသူ မိုဟာမက် အယ်လ် ဘာရှားက ပြည်ပရောက် ဆီးရီးယား ဒုက္ခသည်များစွာကို ပြန်လည် ခေါ်ယူပြီး နိုင်ငံကို ပြန်လည် တည်ဆောက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ မိမိတို့မှာ နိုင်ငံခြားငွေ မရှိတာကြောင့် နိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာရဲ့ အကူအညီ လိုအပ်မှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

အမေရိကန် ၁ ဒေါ်လာကို ဆီးရီးယားငွေ ၃၅၀၀၀ တန်ဖိုးရှိနေတာကြောင့် လောလောဆယ်မှာ ငွေရေးကြေးရေး အရ နိုင်ငံတွင်းမှာ အခြေအနေ အရမ်း ဆိုးရွားနေတာလည်း ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.