လန်ဒန်၊ အောက်တိုဘာ ၁၄

နျူကလီးယားလက်နက် အသုံးပြုမှုနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အာဝဇွန်းရွှင်ရွှင် ပြောဆိုထားချိန် နေတိုးအဖွဲ့ရဲ့ နှစ်စဉ် နျူကလီးယား စစ်ရေးလေ့ကျင့်မှုတွေ အောက်တိုဘာ ၁၄ ရက်မှာ စတင်လိုက်ကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ် ရူတီက ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ နယ်သာလန်နိုင်ငံတို့က လက်ခံ ကျင်းပမယ့် Steadfast Noon လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံက လေယာဉ် အစီးရေ ၆၀ ပါဝင်မှာ ဖြစ်ပြီး F-35 A တိုက်လေယာဉ်တွေနဲ့ B-52 ဗုံးကြဲ လေယာဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

မသေချာမရေရာ ကမ္ဘာကြီးမှာ နေတိုးအဖွဲ့ အဆင်သင့်ရှိနေကြောင်း ရန်သူတွေ သိနေစေဖို့ မိမိတို့ရဲ့ ကာကွယ်ရေး အင်အား အားကောင်းလာအောင် ဆောင်ရွက်ဖို့နဲ့ ကာကွယ်ရေး စွမ်းပကားကို စမ်းသပ်ဖို့ အရေးကြီးတယ်လို့ အတွင်းရေးမှူးချုပ် ရူတီက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့နဲ့ လန်ဒန်မြို့မှာ တွေ့ဆုံပြီးနောက် ပြောကြားထားပါတယ်။

အခု စစ်ရေး လေ့ကျင့်မှု တစ်ခုလုံးကို ဗြိတိန်၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်နိုင်ငံတို့ကို အဓိက အာရုံစိုက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ရေး လေ့ကျင့်မှုတွေမှာ နျူကလီးယားလက်နက် အစစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်မှာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်မယ့် တပ်ဖွဲ့ဝင် ၂၀၀၀ လောက်ဟာ အမေရိကန်ရဲ့ နျူကလီးယား ထိပ်ဖူးတွေ သယ်ဆောင်လာတဲ့ စစ်လေယာဉ်တွေမှာ လိုက်ပါတဲ့ ပုံစံမျိုး လေ့ကျင့်မှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁၄ ရက်မှာ စတင်တဲ့ စစ်ရေး လေ့ကျင့်မှုတွေကို သီတင်းနှစ်ပတ်ကြာ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အဖွဲ့ဝင် ၃၂ နိုင်ငံ ပါဝင်တဲ့ စစ်ရေးမဟာမိတ် အဖွဲ့ရဲ့ အရာရှိတွေက ပြောပါတယ်။

ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားသမ္မတ ပူတင်က နျူကလီးယားလက်နက် အသုံးပြုမှုနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

နျူကလီးယား အင်အားကြီးနိုင်ငံ တစ်နိုင်ငံရဲ့ အကူအညီနဲ့ မိမိတို့ကို တိုက်ခိုက်လာရင် ပူးပေါင်းတိုက်ခိုက်တာလို့ မှတ်ယူမှာ ဖြစ်ပြီး နျူကလီးယားလက်နက်တွေနဲ့ ပြန်လည် ခုခံမှာ ဖြစ်ကြောင်း သမ္မတ ပူတင်က ပြောဆိုထား ပါတယ်။

မိမိတို့ရဲ့ စစ်ရေး လေ့ကျင့်မှုတွေက လတ်တလော မော်စကိုနဲ့ တင်းမာမှု မြင့်တက်နေတဲ့ အခြေအနေအတွက် တုံ့ပြန်တာ မဟုတ်ဘဲ ဒီလို စစ်ရေး လေ့ကျင့်မှုတွေ နှစ်စဉ် ပြုလုပ်လာခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ကြာပြီ ဖြစ်တယ်လို့ နေတိုး အရာရှိတွေက ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.