ပင်လယ်ဘူး၊ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်း ကော်လင်းခရိုင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင် စစ်ကောင်စီထံကနေ စစ်သုံ့ပန်း ၁၀၀ ကျော်အပါအဝင် လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရုံး အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ အချိန်နှစ်လနီးပါးအကြာ အောက်တိုဘာ ၈ ရက်နေ့မှာ မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦး သေဆုံးခဲ့ပြီး ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ၂၇၅ ဦး ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေမှာ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး ရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံပန်းတွေမှာ မူးယစ်ဆေးဝါး သုံးစွဲထားတာကို တွေ့ရတဲ့အပြင် စစ်ကောင်စီရဲ့ နောက်ဆုံးအခြေပြုနေတဲ့ ရဲစခန်းအတွင်းမှ ဘိန်းမဲ ၁၈ ထုပ်နဲ့ ဘိန်းဖြူ အခု ၂၅၀၀ ကျော်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီထံမှ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်နဲ့ ခဲယမ်းမီးကျောက် အများအပြားအပြင် ကျောက်စိမ်းတုံး ၂၃၄ တုံး၊ စတားလင့်အစုံ ၁ ခု၊ ဂျန်ပါ ၅ ခု၊ ကျောလွယ် ဒရုန်းပစ်သေနတ် ၄ စုံ၊ ဒရုန်းအသေး ၁ ခု၊ ဆက်သွယ်ရေးစက် ၈ ခု၊ ဆက်သွယ်ရေးစက် လက်လှည့် ၉ ခုနဲ့ လက်ဗွေစစ် သေတ္တာပုံး ၁ ခု သိမ်းဆည်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းကနေ အကြိမ် ၇၀၀ နီးပါ ဗုံးအလုံးရေ ငါးထောင်ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတစ်ကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ ငါးကြိမ်မြောက် မြို့သိမ်းတိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးသူတွေ ရှိတယ်လို့ ထုတ်ပြန်ထားပေးမယ့် အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG အမှတ် ၁ စစ်ဒေသ