ကော့ကရိတ်၊ အောက်တိုဘာ ၁၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြောက်ဘက်ပိုင်းနဲ့ အာရှလမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့နယ် မြောက်ပိုင်း မြပတိုင်ကျေးရွာ ရင်ကွဲတောင်အကြားမှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့ မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းနားရှိ ရန်ကုတ်ကျေးရွာအနီးပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA တော်လှန်ရေးအင်အားစုတို့ကြား အောက်တိုဘာ ၁၀ ရက်နေ့က နှစ်ဖက်တိုက်ပွဲ တစ်နေကုန် ဖြစ်ပွားခဲ့တယ်လို့ အဲဒီသတင်းအရင်း အမြစ်တွေက ဆိုပါတယ်။

အခုရက်ပိုင်းထဲမှာလည်း ကော့ကရိတ်မြို့ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်က ရေတံခွန်အ ထက်ဘက်မှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လေယာဉ်နဲ့ ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

KNLA တော်လှန်ရေးအင်အားစုတို့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ တစ်ရက်မှမနားဘဲ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံကနေ လက်နက်ခဲယမ်းအချို့နဲ့ ရိက္ခာပစ္စည်းအချို့ကို သိမ်းဆည်းရမိတာတွေရှိကြောင်း တိုက်ပွဲအတွင်းပါဝင်တိုက် ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်းမှူးက သူ့ရဲ့လူမှုကွန်ရကစာမျက်နှာပေါ်မှာ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ KNLA သိမ်းပိုက်ထားတဲ့ သင်္ဃန်းညီနောင်အပါအဝင် မြဝတီ၊ ကော့ကရိတ်-အာရှလမ်းပိုင်းတို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် အောင်ဇေယျ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပေမယ့် အဲဒီစစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ပြီး ထွက်ပြေးတာတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေကို ပြဌာန်းအတည်ပြုလိုက်ပြီးတဲ့နောက် စစ်သင်တန်းဆင်း တပ်သားသစ် အများအပြားပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေကို ဘားအံ၊ နဘူး၊ ကျုံဒိုးမြို့နေတစ်ဆင့် ကော့ကရိတ်မြို့နယ်ထဲကို တပ်အင်အားတိုးချဲ့လာနေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း အဆက်မပြတ် တိုးချဲ့ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ဆေးပေးခန်းတွေအပါအဝင် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာရရှိတာတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.