ဘဂ္ဂဒက် စက်တင်ဘာ ၉

အမေရိကန် ဦးဆောင်တဲ့ ဂျီဟတ်ဝါဒီ တိုက်ဖျက်ရေး ညွှန်ပေါင်းတပ်ဖွဲ့ဝင်တွေ အသုတ်လိုက် ဆုတ်ခွာရေးအတွက် အီရတ်နဲ့ အမေရိကန် သဘောတူညီလိုက်ပြီ ဖြစ်ပေမယ့် အပြီးသတ် သဘောတူညီမှု လက်မှတ် မရေးထိုးရသေးဘူးလို့ အီရတ် ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

အစွမ်းရောက် အစ္စလာမ္မစ် အိုင်အက်စ်အဖွဲ့ ချေမှုန်းရေး နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်က အီရတ်မှာ တပ်ဖွဲ့ဝင် ၂၅၀၀ ချထားပြီး ဆီးရီးယားမှာ ၉၀၀ ချထားခဲ့တာပါ။

တပ်ဖွဲ့တွေ ဆုတ်ခွာနိုင်ရေးအတွက် အီရတ်နဲ့ လများစွာကြာ ဆွေးနွေးခဲ့ပေမယ့် အခုအချိန်အထိ ဆုတ်ခွာရမယ့် အချိန်ကာလနဲ့ ပတ်သက်လို့ ကြေညာထားတာ မတွေ့ရသေးပါဘူး။

မြို့တော် ဘဂ္ဂဒက်နဲ့ အီရတ်ရဲ့ အခြားဒေသတွေမှာရှိတဲ့ စစ်စခန်းတွေကနေ ညွှန့်ပေါင်းတပ်ဖွဲ့တွေဟာ လာမယ့် ၂၀၂၅ ခုနှစ် စက်တင်ဘာမှာ ထွက်ခွာမှာ ဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ် ဒေသရှိ ညွှန့်ပေါင်းတပ်တွေကတော့ ၂၀၂၆ ခုနှစ်မှာ ဆုတ်ခွာမယ်လို့ အီရတ် ကာကွယ်ရေးဝန်ကြီး သာဘတ် အယ်လ် အဘာစီက အာရပ်ဒေသလုံးဆိုင်ရာ ရုပ်သံလိုင်း Al-Hadath ကို ပြောကြားထားပါတယ်။

ဒီလို ဆုတ်ခွာမှုကို နှစ်သုတ်ခွဲပြီး လုပ်ဆောင်မှာ ဖြစ်သလို လာမယ့် ရက်ပိုင်းအတွင်း အပြီးသတ် သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ ပြင်ဆင်ထားတယ်လို့ ဝန်ကြီး အဘာစီက ပြောပါတယ်။

တွေ့ဆုံမှု တစ်ရပ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်က နှစ်နှစ်ဆိုတဲ့ အချိန်ဟာ ဆုတ်ခွာမှုအတွက် လုံလောက်မှု မရှိဘူးလို့ ပြောကြားခဲ့ကြောင်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

နောက်ထပ် တစ်နှစ် အချိန်ပိုပေးရမယ်ဆိုတဲ့ ဝန်ကြီး အော်စတင်ရဲ့ အဆိုပြုချက်ကို မိမိတို့ ပယ်ချခဲ့တယ်လို့ ဝန်ကြီး အဘာစီက ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံစလုံးမှာရှိတဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေဟာ ဒရုန်းတွေ ဒုံးကျည်တွေနဲ့ အကြိမ်ပေါင်း မနည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။

အောက်တိုဘာလ လဆန်းပိုင်းက ဂါဇာမှာ အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ပြီးကတည်းက အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုများလာပြီး အဲဒီအထဲမှာ အီရန် ထောက်ပံ့ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်နေပါတယ်။

နှစ်နိုင်ငံစလုံးမှာရှိတဲ့ အဲဒီ လက်နက်ကိုင် အဖွဲ့တွေကို အမေရိကန်က လက်စားချေ တိုက်ခိုက်မှုတွေ အကြိမ်ပေါင်း မနည်း လုပ်ဆောင်ခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ ၂၀၁၄ ခုနှစ် အတွင်း အီရတ်နဲ့ ဆီးရီးယားရှိ ဒေသများစွာကို သိမ်းပိုက်ပြီး ၂၀၁၇ ခုနှစ်က အီရတ်နဲ့ ၂၀၁၉ ခုနှစ်က ဆီးရီးယားမှာ ချေမှုန်းခံခဲ့ရပါတယ်။

ဒါပေမဲ့ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေးသမားတွေဟာ နယ်မြေ တစ်ခုမှ မထိန်းချုပ်ထားနိုင်တော့ပေမယ့် အလှမ်းဝေးတဲ့ ကန္တာရဒေသတွေမှာ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.