ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၉

တိုက်ပွဲမရှိဘဲ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာထဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကနေ သိရပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ် ကျုံခဝန်ကျေးရွာထဲကို စက်တင်ဘာ ၉ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးနဲ့ သက်ကြီးပိုင်းအရွယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် KNLA တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိနေတဲ့ အနန်းကွင်း၊ လွတ်ရှမ်းကျေးရွာတွေဘက်မှာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်း အနန်းကွင်းကျေးရွာနဲ့ လွတ်ရှမ်းကျေးရွာအတွင်း ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းကစပြီး KNLA တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း ဗျူဟာစခန်းမကျရေးအတွက် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်လျက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.