ဘန်ကောက် ဇွန် ၇

ထိုင်းနိုင်ငံ မူအန်းခရိုင်က ပြည်သူ့ဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသမှုခံယူဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလူနာတစ်ဦးဟာ ဇွန် ၇ ရက်နေ့ အစောပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီပစ်ခတ်မှုက ခွန်ကရန်ဆေးရုံရဲ့ အမျိုးသားခွဲစိတ်လူနာအဆောက်အအုံမှာ ဖြစ်ပွားခဲ့တာဖြစ်တဲ့အကြောင်း ခရိုင်ရဲမှူးကြီး ယော့ဆာဝတ် ကရူးဆူးထန်နစ်က ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အကြောင်း ဒေသစံတော်ချိန် မနက် ၁ နာရီလောက်မှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ မှုခင်းရဲအရာရှိတွေက အခင်းဖြစ်ရာနေရာကို သွားရောက်ခဲ့ကြပြီး အသက် ၂၉ နှစ်အရွယ် ကိုကျော်စွာအောင်ဆိုသူဟာ ဆေးရုံရဲ့ ငါးထပ်မှာ ဦးခေါင်းရဲ့ လည်ပင်းအရိုးထဲမှာ သေနတ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာရရှိနေခဲ့တာကိုတွေ့ခဲ့ရတာပါ။ ဆေးရုံဝန်ထမ်းတွေက သူ့ကို ကုသဖို့အတွက် အရေးပေါ်အခန်းထဲကို ပို့လိုက်ပေမယ့် မကြာခင်မှာပဲ သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

နာမည်ဖော်ပြဖို့ ငြင်းဆိုထားတဲ့ သူ့ရဲ့ ထိုင်းလူမျိုးချစ်သူကတော့ သူ့ရဲ့ချစ်သူ ကျော်စွာအောင်ဟာ ကျောကုန်းမှာ အကျိတ်တွေ့ရှိရလို့ ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ သေဆုံးသူဟာ ပစ်ခတ်ခြင်းမခံရမီ ခွဲစိတ်ကုသဖို့ စောင့်ဆိုင်းနေခဲ့တာပါ။

သူတို့စုံတွဲဟာ ခွန်ကရန်မြို့က ငါးဖမ်းပိုက်စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ လေးနှစ်ကျော်လောက် တွဲခဲ့ကြတာဖြစ်ပြီး နိုင်ငံအရှေ့မြောက်ပိုင်းက ပြည်နယ်မှာ အခန်းငှားပြီး အတူနေထိုင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့ ချစ်သူမိန်းကလေးကတော့ သူတို့နှစ်ယောက်ကြားမှာ ဘာပြဿနာမှမရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် သူတို့အလုပ်လုပ်နေတဲ့ စက်ရုံက လုပ်ဖော်ကိုင်ဖက်လုပ်သားတစ်ဦးဆီကနေ သေဆုံးသူက ဘတ် ၁ သောင်း ၂ ထောင်ချေးငှားယူခဲ့ပြီး ငွေချေးငှားမှုအတွက် အာမခံအဖြစ် အဲဒီအကြွေးရှင်ထံ သူ့ရဲ့ ATM ကဒ်ကိုပေးထားခဲ့ရတယ်လို့ ချစ်သူမိန်းကလေးက ပြောဆိုပါတယ်။

ကိုကျော်စွာအောင် သေဆုံးမယ့်နေ့မှာပဲ သူ့ရဲ့ အကျိတ်ကိုဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှုတစ်ခုကို လုပ်ဆောင်ဖို့ ဆေးအဖွဲ့က စီစဉ်ထားခဲ့တယ်လို့ အဲဒီချစ်သူမိန်းကလေးက ပြောပါတယ်။ သေနတ်သမားဟာ ဧည့်သည့်တစ်ဦးအနေနဲ့ ဟန်ဆောင်ပြီးတော့ လူနာဆောင်အကြောင်းသူနာပြုတစ်ယောက်ကို မေးခဲ့တယ်လို့ဆိုပါတယ်။ သေနတ်သမားက အဲဒီလူနာဆောင်ထဲကို ဝင်ရောက်ပြီးတော့ လူနာကို ပစ်သတ်ကာ အလျင်အမြန်ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.