ရေး၊ မေ ၁၈
မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမာခံတစ်ဦးကို မေ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားသုံးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ် NLD ပါတီ အမာခံ ဦးတင်စိန်ကို စစ်ကား ၆ စီး၊ အင်အား ၃၀ ကျော်နဲ့ နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဦးတင်စိန်ကို စစ်ကောင်စီဘက်က ဘာကြောင့်လာဖမ်းသွားလဲဆိုတာ မသိရပေမယ့် လက်ရှိမှာတော့ ရေးမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ဦးတင်စိန်ကို နေ့ခင်းကြောင်တောင်အချိန်မှာ ဝင်ရောက်ဖမ်းဆီးသွားတဲ့အ တွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဦးတင်စိန်ဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလတုန်းက ဟံဂံကျေးရွာမှာ NLD ပါတီအောင်နိုင်ရေးအတွက် ဦးဆောင်ကာ မဲဆွယ်စည်းရုံးရေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတချို့ကတော့ ဦးတင်စိန်အား ဖမ်းဆီးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ရေးမြိုနယ် အစင်ကျေးရွာထိပ်ရှိ ရွှေတောင်ကြီး စား သောက်ဆိုင်ပိုင်ရှင် ကိုနေပိုင်နဲ့အဖော် ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ယနေ့အထိ ပြန် လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အာဏာသိမ်းသုံးနှစ်ပြည့် အစီရင်ခံစာအရ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဒေသခံ ၉၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ