ဘီးလင်း ၊ မေ ၁၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာက ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားဘေးမှာ မြေနီလမ်းဖောက်လုပ်မှု ပြီးစီးသွားတဲ့အတွက် မေ ၁၇ ရက်နေ့ကစပြီး မော်တော်ယာဉ်အားလုံး စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာတည်ရှိတဲ့ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးခဲ့တဲ့အတွက် ဆက်သွယ်ရေးလမ်းပိုင်းတစ်ခုလုံး ပြတ်တောက်သွားခဲ့ပါတယ်။

အဲဒီနောက် ကုန်တင်ကားတွေနဲ့ ခရီးသည်ယာဉ်တွေဟာ ရွှေရောင်ပြကျေးရွာနဲ့ မိုးကောင်းကျေးရွာရှိ ကျေးရွာချင်းဆက်လမ်းကို အသုံးပြုခဲ့ကြပေမယ့် လမ်းကျဉ်းတာကြောင့် မိနစ် ၂၀ လောက် သွားရတဲ့ခရီးစဉ်အား နာရီနဲ့ချီစောင့်ဆိုင်းသွားလာခဲ့ရတာပါ။

လက်ရှိမှာတော့ ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားဘေးမှာ ယာယီမြေနီလမ်း ဖောက်လုပ်မှု ပြီးစီးသွားပြီး ဖြစ်တဲ့အတွက် မေ ၁၇ ရက်နေ့ကစပြီး ကုန်တင်ကားတွေအပါအဝင် ခရီးသည်ယာဉ်တွေအားလုံး စမ်းသပ်ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိယာယီမြေနီလမ်းဟာဆိုရင် တစ်လမ်းမောင်းစာသာရှိတဲ့အတွက် တံတားနှစ်ဖက်နှစ်ခြမ်းကို ရောက်ရှိနေတဲ့ကားတွေ အလှည့်ကျစနစ်နဲ့ ဖြတ်သန်းသွားလာနေရတာကြောင့် ကားပိတ်ဆို့မှုတွေ ဆက်လက်ဖြစ်ပေါ် နေတယ်လို့ ဆိုပါတယ်။

ကျုံအိတ်တံတားဟာ မိုးတွင်းကာလတွေမှာ ရေကျော်တာတွေရှိတဲ့အတွက် မိုးတွင်းကာလမရောက်မီ ယာယီဘေလီတံတား မထိုးနိုင်ပါက လမ်းပန်းဆက်သွယ်းရေး အခက်အခဲ ပြန်ဖြစ်နိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျုံအိတ်တံတားကို ပြီးခဲ့တဲ့နှစ် ဇွန် ၂၉ ရက်နေ့မှာ KNLA ပူးပေါင်းအဖွဲ့တွေက ပထမအကြိမ် မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့တဲ့အတွက် ယာယီဘေလီတံတား ထိုးခဲ့တာပါ။

ကျုံအိတ်တံတားဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအပြင် မြန်မာပြည်တောင်ပိုင်းဒေသဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ရဲ့ ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဒေသတွင်းမှာ စက်သုံးဆီပြတ်လပ်တာနဲ့ ကုန်ပစ္စည်းတချို့ ဈေး နှုန်းအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.