ရေး၊ မတ် ၁၃

မွန်ပြည်နယ် ရေးမြို့နယ် သောင်ပြင်ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် ဦးသန်းစိုးဟာ မတ် ၁၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးသန်းစိုးနေအိမ်မှာရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက နေအိမ်ရှေ့မှ တံခါးခေါက်ပြီး သူနာမည်လာခေါ်တာကြောင့် အိမ်နောက်ဖေးကနေ ထွက်ပြေးဖို့ ကြိုးပမ်းစဉ် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးသန်းစိုးဟာ မေးစေ့၊ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ရာ ၃ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်တဲ့ ဦးသန်းစိုးဟာ စစ်ကောင်စီ ငါးလုပ်ငန်းဦးစီးဌာနအတွက် အခွန်ကောက်ပေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ဦးသန်းစိုးဟာ ပြည်သူ့စစ်အရန်တပ်ဖွဲ့ဝင်ဟောင်းသာဖြစ်ကြောင်းနဲ့ သေဆုံးမှုဖြစ်စဉ်မှာ လုံခြုံရေးအခြေအနေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင် ဦးသန်းစိုးကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ တစ် စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ရေးမြို့နယ် ရွှေပြည်သာကျေးရွာထိပ်ရှိ ပြည်သူ့စစ် စစ် ဆေးရေးဂိတ် ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.