ဆီဆိုင် – ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းတွေအပါအဝင် အရပ်သားတွေနဲ့ နေအိမ်တွေမီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA တို့ကြားပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ဆီဆိုင်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။
လက်ရှိအချိန်မှာတော့ တော်လှန်တပ်တွေဟာ စစ်ကောင်စီ ခမရ ၄၂၃ နဲ့ ဆီဆိုင်ရဲစခန်းကို သိမ်း ပိုက်ထားပြီး ခမရ ၄၂၄ ကိုသိမ်းပိုက်နိုင်ဖို့ ဆက်လုပ်ကြိုးပမ်းနေတယ်လို့ သံလွင်တိုင်းမ်ရဲ့ မြေ ပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်နီဒေသက စစ်ဘေးရှောင်နေရတဲ့ အရပ်သား ၂ ဦးသေဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ပြည်သူတွေထိခိုက်မှုရှိလာတဲ့အတွက် PNLOနဲ့ PDF ပူးပေါင်းတပ်ဟာ ဆီဆိုင်မြို့က PNO တပ် တွေကို တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ဆီဆိုင်ရဲ့ တောင်ဘက်ပိုင်းမှာ စကစ ဂိတ်တစ်ဂိတ်ရယ် PNO ဂိတ်တစ်ဂိတ်ရှိတယ် သူတို့တွေ ပေါင်းထိုင်တာတွေရှိတယ်။ အခုကတော့ ဖြိုလိုက်ပြီပေါ့ အဲနှစ်ဂိတ်လဲကြွသွားပြီ”လို့ မြေပြင် တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ PNLO တို့ဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုလာတာမရှိသေးသလို PNLO ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း မြေပြင် အခြေအနေတွေကို အဖွဲ့အတွင်းမေးမြန်းအတည်ပြုနေဆဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကိုပြောပါ တယ်။
PNLO/PNLA တပ်ဟာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးထား တဲ့ တိုင်းရင်းသားအဖွဲ့အစည်းဖြစ်ပြီး လက်တလော တိုက်ပွဲတွေကြောင့် အရပ်သားထောင်နဲ့ချီ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပြီး မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက် ခိုက်မှုတွေကြောင့် အရပ်သားတွေရဲ့ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ သောင်းနဲ့ချီ ထိခိုက် ပျက်စီးမှုနဲ့ မီးရှို့ခံရမှုတွေရှိနေတာပါ။
အဲဒီလို လုပ်ဆောင်နေပေမယ့် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေကို အပြစ်ဖို့ပြီး သာဘာရေးမှိုင်းတိုက်ကာ သူတို့ရဲ့ လက်ကိုင်တုတ် မဘသ အဖွဲ့တွေကို ပိုက်ဆံပေးပြီး ဆန္ဒပြခိုင်းတာနဲ့ တပ်ထောက်ခံပွဲတွေ လုပ်နေတာဖြစ်တယ်လို့ မဘသ အဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLO