ရေး၊ ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ် ကမော့ကနင်နဲ့အောင်သာယာကျေးရွာကြား ရေး-ထာဝယ်းလမ်းပိုင်းမှာ ရေဖြူမြို့ နယ်အခြေစိုက် ခမရ ၄၀၆ ရဲ့ တပ်ပြောင်း ပစ္စည်းတင်လာတဲ့ ကားတစ်စီးဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ၊ ဒုစစ်ဒေသကွပ်ကဲရေးမှူးရုံးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က ရေး-ထာဝယ်းပြည်ထောင်စုလမ်းမကြီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ လိုက်ထရပ်မော်တော်ယာဉ်အပေါ်မှာ ခမရ ၄၀၆ တပ်ရဲ့ တပ်ပြောင်းပစ္စည်းတွေဖြစ်တဲ့ စစ်ယူနီဖောင်းတွေ၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်နှစ်စီး၊ အဝတ်အစား၊ အိုးခွက်ပန်းကန်နဲ့ စစ်ဘက်ဆိုင် ရာ စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနောက် ရန်ကုန်တိုင်း၊ အင်းစိန်နဲ့တောင်ဥက္ကလာပမြို့နယ်နေထိုင်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက်တို့ကို စစ်ဆေးမေးမြန်းပြီးနောက် သူတို့နဲ့သက်ဆိုင်မှုမရှိတာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး တပ်ပြောင်းပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ နေ့စဉ်နဲ့အမျှ နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီတပ်ဟာ စစ်ပစ္စည်းအသုံးအဆောင်တွေကိုပင် ခရီးသည်တင်ယာဉ်တွေ၊ အရပ်ဖက်သုံးမော်တော်ယာဉ်တွေနဲ့သာ ရွှေ့ပြောင်းနေရတယ်လို့ ထုတ်ပြန် ချက်မှာ ပြောဆိုထားတာပါ။

ဒါကြောင့် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော် ယာဉ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင် စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုး မပြုလုပ်ကြဖို့ ထပ်မံတိုက် တွန်းထားတာပါ။

ရေဖြူမြို့နယ်အခြေစိုက် အမှတ်(၄၀၆) ခြေမြန်တပ်ရင်းဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကွပ်ကဲမှုအောက်မှာ တည်ရှိပြီး ကရင်ပြည်နယ်နဲ့ထားဝယ်ခရိုင်အတွင်း ရှေ့တန်းအမြဲ သွားလာနေရတဲ့ တပ်ရင်းတစ်ခုဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-နွေဦးPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.