နေပြည်တော်၊ ဒီဇင်ဘာ ၂၆

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတံခါးတွေ အမြဲဖွင့်လှစ်ထားသလို စစ်တပ်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင်က ထပ်ပြောလာပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ စိန့်မိုက်ကယ် ကက်သလစ်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းမှုကို အခြေပြုထားတာဖြစ်တဲ့အတွက် လူ့အ ဖွဲ့အစည်းတိုင်းမှာလည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမှာဖြစ်ကြောင်းနဲ့ မိမိတို့လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်တွေချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဂျက်ကော့က ပြည်သူတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ အများပြည်သူပိုင် အဆောက်အဦးတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်က အခုလိုပြောတာဟာ ပြည်သူအတွက် အကျိုးမရှိဘူးလို့ ဆိုပါတယ်။

“ဒီစစ်တပ်ကတော့ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ စစ်တပ်ဖြစ်တယ်။ အခုလည်း သူတို့က အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးတော့မှ ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ကျောင်းတွေ နေအိမ်တွေ အများပြည်သူပိုင် အဆောက်အဦးတွေမှာ တိုက်ခိုက်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာ၊ လူတွေအစုလိုက်အပြုံလိုက် သေဆုံးတာ။ နိုင်ငံတကာ လူ့အခွင့်အရေးစာတမ်းတွေ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာမှုမရှိဘူး။ ဒီလိုမျိုးချိုးဖောက်နေတဲ့စစ်တပ်က ပြောထွက်လာတဲ့စကားက ကျွန်တော်တို့ ပြည်သူတွေအတွက် ဘာမှအကျိုးရှိမှာ မဟုတ်ဘူးဗျ”လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင်တော်လှန်မှုကို တစ်နိုင်ငံလုံးနီးပါးအနှံ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တိုက်ပွဲအတွင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေစဉ်အတွင်း အရပ်သားတွေကို အစု လိုက်အပြုံလိုက် သတ်ဖြတ်တာအပါအဝင် လေကြောင်းဗုံးကြဲမှုကြောင့် လူမျိုးဘာသာမရွေး အ ဆောက်အအုံမရွေး တိုက်ခိုက်မှုတွေလည်း ရှိနေတာပါ။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် သြဂုတ်အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လူ ၅ ဦးနဲ့ အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၁၇၅ ကြိမ် ကျူးလွန်ထားပြီး အရပ်သားပြည်သူ စုစုပေါင်း ၁၇၉၄ ဦးထိ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် အလားတူကာလမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၉၀၂ ကြိမ်အတွင်း ဘာသာရေးအဆောက်အအုံ ၈၆ ခု၊ စာသင်ကျောင်း ၅၄ ကျောင်း၊ ဆေးရုံ ၂၆ ရုံ အပါအဝင် အရပ် သား ၆၈၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၆၀ နီးပါး ရှိခဲ့တာပါ။

စစ်ခေါင်းဆောင်ကတော့ ခရစ္စမတ်နေ့ထူးနေ့မြတ်ကစပြီး နိုင်ငံမှာ အဓိကလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ဖို့နဲ့ ဘာသာတရားအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေးဆိုတဲ့ အခွင့်အရေးတွေကို နိုင်ငံသားအားလုံးရရှိနိုင်စေဖို့ ဝိုင်းဝန်းကြိုး ပမ်းကြဖို့ တိုက်တွန်းသွားပါသေးတယ်။

ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုမင်းသွေးသစ်က စစ်တပ်အနေနဲ့ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ပြည်သူတွေ ယုံကြည်မှုရအောင် လက်ရှိလုပ်နေတဲ့ နိုင်ငံတဝန်းက အကြမ်းဖက်မှုတွေကို အရင်ဆုံး ရပ်တန့်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။

“မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က တကယ်ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ခရစ်စမတ်အခါမှ မဟုတ်ပါဘူး။ ချက်ခြင်းငြိမ်းချမ်းရေးယူလို့ရတယ်။ တကယ်ငြိမ်းချမ်း‌ရေးစိတ်ရှိဖို့ပဲ လိုပါတယ်။ တကယ် ငြိမ်းချမ်းချင်စိတ် ရှိမရှိပြဖို့ ပြည်သူတွေ ယုံကြည်မှုရအောင် တစ်ခုပဲလုပ်ဖို့လိုတယ်။ လက် ရှိ မြန်မာနိုင်ငံတဝန်းလုံးမှာ ရွာမှာ၊ မြို့တွေ မီးရှို့နေတဲ့ကိစ္စတွေ ပြည်သူတွေကို ဖမ်းပြီးတော့ ဒုက္ခပေးနေတဲ့ကိစ္စတွေကို အရင်ဆုံးရပ်တန့်ပေးဖို့ လိုတယ်။ အဲဒါမှသာ ကျွန်တော်တို့ ပြည်သူတွေ စစ် တပ်ရဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ရှိတယ်ဆိုတာကို သက်သေပြနိုင်မှာ ဖြစ်တယ်။ ယုံကြည်နိုင်မှာ ဖြစ်တယ်”လို့ ဆိုပါတယ်။

နိုင်ငံ့အာဏာအရပ်ရပ်ကို စစ်တပ်ကသိမ်းယူဖို့ ကြိုးပမ်းချိန်ကစပြီး ဒီဇင်ဘာ ၂၂ ရက်နေ့အထိ သုံးနှစ်နီးပါးအတွင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် ပြည်သူ ၄၃၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံတဝန်းရှိ နေအိမ်ပေါင်း ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ စစ် ကိုင်းတိုင်းက အများဆုံးပါဝင်နေတယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP – Myanmar က စက် တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးအတွက် အသင့်ရှိကြောင်းနဲ့ ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားတယ်လို့ ပြောဆိုမှုဟာ အသစ်အဆန်းမဟုတ်ဘဲ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်တော်လှန်မှုကနေ ငြိမ်းချမ်းရေးစတင်ကမ်းလှမ်းခဲ့တာပါ။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေဟာ ၂၀၂၂ ခုနှစ် ဧပြီနှောင်းပိုင်းကစပြီး အခုနှစ် NCA နှစ်ပတ်လည်အထိ ရှိခဲ့ပေမယ့် တိုက်ပွဲမဖြစ်တဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့သာ ဆွေးနွေးနိုင်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ တစ်နိုင်ငံလုံးအနှံ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တို့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အရေးမလှဖြစ်လာနေပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့အထိ စစ်ခေါင်းဆောင်က ဒီဇင်ဘာလဆန်းမှာ လေသံပစ်ထားပါတယ်။

စစ်အာဏာရှင်စနစ်ဖြုတ်ချရေး တိုက်ပွဲမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတ ချို့ကတော့ ဒို့တာဝန်အရေးသုံးပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ရပ်တည်ကြောင်း အမြဲတစေကြွေးကြော်နေတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ ထုတ်ပြောထားကြပါတယ် ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.