သထုံ၊ နိုဝင်ဘာ ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကင်မွန်းချုံကျေးရွာမှာ နွားစာ မြက်ရိတ်သွားတဲ့ လူငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကျေးရွာအရှေ့ဘက် လယ်ကွင်းထဲ မြက်ရိတ်သွားတဲ့ မောင်ဝင်းသိုက်ထွန်း အပါအဝင် လူငယ် ၃ ဦးဟာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် မောင်ဝင်းသိုက်ထွန်း အပါအဝင် အသက် ၁၃ နှစ်အရွယ် လူငယ် ၃ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ရတာပါ။

ဒေသခံတွေအဆိုအရ အဲဒီလူငယ် ၃ ဦးဟာ ဆွေမျိုးတော်စပ်သူတွေဖြစ်ပြီး အကြီးဆုံးလူငယ် မောင်ဝင်းသိုက်ထွန်းရဲ့ မြက်ရိတ်သွားမှုကို လိုက်သွားရာကနေ မြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးသွားသူတဲ့ လူငယ် ၃ ဦးကို သိမ်ဆိပ်တိုက်နယ်ဆေးရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ ကျေးရွာဓလေ့အတိုင်း သဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီမြေမြှုပ်မိုင်းပေါက်ကွဲမှုဟာ အာဏာသိမ်းကာလအတွင်း ကင်မွန်းချုံကျေးရွာမှာ ပထမဆုံးအကြိမ် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ကင်မွန်းချုံကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတပ်တို့လည်း စစ်ရေးဝင်ရောက်လှုပ်ရှားလေ့ရှိပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း တကျော့ပြန် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ၃၀ နီးပါး ရှိပြီလို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.