စစ်ကိုင်း၊ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။
ခမ်းပတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ နောက်ဆုံးတပ်စွဲထားတဲ့ ခမ်းပတ်စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီးနောက် ခမ်းပတ်မြို့ကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိတဲ့ ခမ်းပတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်နေ့မှစတင်ပြီး တိုက်ခိုက်ခဲ့ရာ ဒီနေ့မနက်ပိုင်းမှာအပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရးကို တမူးခရိုင် တပ်ရင်း(၂)၊ စစ်ဒေသ အထူးတပ်ရင်း (၂)၊ အမှတ် ၁ စစ်ဒေသလက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ CNDF၊ TDA၊ RCDF နဲ့ KNA-BURMA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ခမ်းပတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၄ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ရာ ဒီနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ၃ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေတာဖြစ်ပြီး မနေ့ကလည်းကောလင်းမြို့နယ်ကို အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေးအစီအစဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF၊ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG