ရန်ကုန် – စက်တင်ဘာ(၉)
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးစိုက်ထားတဲ့ ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းကို လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်(၄) နာရီကျော်က ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ပစ်ခတ်ခံခဲ့ရတာမှန်ပါတယ်။ သေဆုံးတာတော့ မရှိခဲ့ပါဘူး။ ထိခိုက်ခဲ့တဲ့ အခြေအနေ အနည်းငယ်တော့ ရှိတယ်” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ ပြောဆိုခဲ့ပေမယ့် အသေးစိတ်အခြေအနေကိုတော့ ဖြေဆိုဖို့ သူက ငြင်းဆန်သွားပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊စီးပွားရေး ယန္တရားတွေကို လုံးဝလည်ပတ်လို့မရအောင် နည်းလမ်းမျိုးစုံသုံးပြီး တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
တိုင်းလွှတ်တော်ဝန်းအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီဘက်က ဝင်ရောက်စစ်ဆေးတာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရုံးစိုက်ထားတဲ့ လွှတ်တော်ဝန်းကို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် မေလမှာ တစ်ကြိမ် တိုက်ခိုက်ခံထားရပြီး ဒီတစ်ကြိမ်တစ်ခိုက်ခံရမှုမှာ တတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ