မော်လမြိုင် – စက်တင်ဘာ(၇)

ပြည်သူ့ခုခံတော်လှန်စစ် နှစ်နှစ်အတွင်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခဲ့တဲ့၂ နှစ်ပြည့်မှာ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

ယာယီသမ္မတ ဒူဝါလရှီးလက ခုခံစစ် နှစ်နှစ်အတွင်း ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင် မလုံခြုံမှု ခံစားရအောင် တော်လှန်ရေးရဲဘော်တွေက စွမ်းဆောင်နိုင်နေပြီလို့ ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ စစ်ရေး၊နိုင်ငံရေး၊စီးပွားရေးနဲ့သံတမန်ရေးရာအပြင် ကဏ္ဍစုံ ကျဆုံးနေတာကို မြင်နေရပြီ နွေဦးတော်လှန်ရေး တိုက်ပွဲကလည်း တစ်စထက်တစ်စ အောင်မြင်မှု ပိုမိုနီးစပ်လာပြီလို့ ယာယီသမ္မတ ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေပြည်တော်အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားမှုကို ဝန်ခံထားပေမယ့် လမ်းများအားလုံး နေပြည်တော်သို့ ဆိုတဲ့ ကြွေးကြော်ချက်အပေါ် သြဂုတ် ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၂ ကြိမ်မြောက် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပျယ်ရယ်ပြုထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ နှစ်နှစ်ပြည့် အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၉၉၀၀ နီးပါးအထိ ဖြစ်ပွားခဲ့ပြီး ရန်သူစစ်တပ်အင်အား ၃၀,၀၀၀ နီးပါးကို ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၂၉၃ ရင်း ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်းပေါင်း ၆၈ ရင်း ရှိတယ်လို့ NUG ရဲ့ နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.