တနင်္သာရီ၊ ဧပြီ(၂၉)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ ဧပြီ ၂၆ ရက်နေ့ကစပြီး တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြန်လည်ဖြစ်ပွားနေတယ်လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွား ရောက် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာပါ။

ဧပြီ ၂၈ ရက်နေ့မှာလည်း ကမလိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၅၈ တပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန်နာရီ ဝက်နီးပါးကြာ ဖြစ်ပွားခဲ့ပါတယ်။

တဆက်တည်း နေ့လည် ၂ နာရီကျော်အချိန်လောက်မှာလည်း ခမရ ၅၆၁ တပ်ရင်းထံ ပြောင်းလာတဲ့ စစ်ကောင်စီတပ်ရင်းမှူးကို ကြိုဆိုဖို့ထွက်လာတဲ့ တပ်အင်အား ၆၀ နီးပါးနဲ့ ၆ မိုင်ကျေးရွာအနီးမှာ တစ်ကြိမ်၊ ညနေ ၄ နာရီက ဘန်လောကျေးရွာ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတစ်ကြိမ် ထပ်မံဖြစ် ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။နှစ်ဖက်တိုက်ပွဲကြောင့် ဘန်လောကျေးရွာက ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုအခါမှာတော့ တကျော့ပြန်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.