မော်လမြိုင်၊ မတ်(၇)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့် လာတာကြောင့် မိဘမဲ့ဂေဟာတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပြီး ပိတ်သိမ်းရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မိဘမဲ့ပရဟိတကျောင်း ဆရာတော်တွေက သံလွင်တိုင်းမ်ကို မိန့်ဆိုပါတယ်။

မိဘမဲ့ဂေဟာတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်း ၃ဆနီးပါး မြင့်တက်လာတာ၊ စီးပွားရေးအကျပ်အတည်းတွေကြောင့် အလှူရှင်နည်းပါးသွားတဲ့အတွက် ဆက်လက်ရပ်တည်ဖို့ ခက်ခဲ လာကြပါတယ်။

ရပ်တည်ဖို့ ခက်ခဲလာတဲ့ မိဘမဲ့ဂေဟာတွေဟာ စားဝတ်နေရေးပြဿနာကြောင့် မိဘမဲ့ကလေးငယ်အသစ်တွေ လက်မခံနိုင်တော့သလို အရင်စောင့်ရှောက်ထားတဲ့ ကလေးငယ်တွေကိုပဲ နေ့စဉ် ကျွေးမွေးနိုင်အောင် ရုန်းကန်နေရတာပါ။

မိဘမဲ့ပရဟိတကျောင်း ဆရာတော်တစ်ပါးကတော့ အလှူရှင်နည်းပါးလာတာကြောင့် မိဘမဲ့ကလေးငယ်တွေကို လျှော့ချကျွေးမွေးနေရပြီး မိဘမဲ့ဂေဟာတွေ ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ပဲ မနည်းကြိုးပမ်းနေရတယ်လို့ မိန့်ဆိုပါတယ်။

“အရင်ကဆိုလည်း အကောင်းစားဆန် မဟုတ်တောင်မှ အလတ်လောက်ကို ကျွေးနိုင်တာပေါ့။ အခုကတော့ အဲဒီ အလတ်ထိတောင် မမျှော်မှန်းနိုင်ပါဘူး၊ (၈)သောင်းကနေ (၁၃၀၀၀၀)အထိ ရောက်နေတဲ့ အခါကျတော့ (၅)သောင်းခွဲ ကနေ (၆)သောင်း တန်ဖိုးရှိတဲ့ဟာ ဇီယာချောတို့လောက်ပဲ ကျွေးနိုင်တော့တယ်။ဟင်းကတော့ တခြားကျောင်းတွေလိုပဲ လျော့ကျွေးရတာတွေ အဲဒီလို ဖြစ်ကုန်တာပေါ့နော်။ အများကြီး လျော့ကျွေးရပါတယ်။ ဆန်ကတော့ အဓိကပေါ့။ ဆန်ဈေးကြီးတာကို အကြောင်း ပြုပြီးတော့ ကျန်တဲ့ဟာတွေ လျော့လာတဲ့အတွက် များများစားစားတော့ လုပ်လို့မရဘူးပေါ့။ အခုလုပ်နေတဲ့ အလုပ်ကို ရေရှည် ဆက်သွားနိုင်အောင် အဲဒီလိုမျိုးဘဲ ကြိုးစားပြီး ရပ်တည်သွားနေရတာ များတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်စီးပွားရေး အကျပ်အတည်းတွေကြောင့် အလှူရှင်နည်းပါးသွားတဲ့အတွက် မိဘမဲ့ပရဟိတကျောင်းရှိ ကလေးတွေရဲ့ စားဝတ်နေရေးကို လတ်တလော ဖြေရှင်းနိုင်ဖို့ ကျောင်းပိုင်ကားတွေကို ရောင်းချပြီးဖြေရှင်းနေရတာကြောင့် ရေရှည်မှာ ပိုမိုကျပ်တည်းလာနိုင်တယ်လို့ မိန့်ကြားပါတယ်။

အခုလို အခက်အခဲတွေကြောင့် မိဘမဲ့ကျောင်းတွေက မွေးကင်းစကလေးငယ်တွေကို နို့မှုန့်အစား ဆန်ပြုတ်နဲ့ ပဲဟင်းတွေကိုသာ တိုက်ကျွေးနေရသလို အရွယ်ရောက်တဲ့ ကလေးတွေကိုတော့ အသားဟင်း ပုံမှန်မကျွေးနိုင်တာကြောင့် ဟင်းသီးဟင်းရွက်တွေကို အလှူခံပြီး ကျွေးမွေးနေရတယ်လို့ မိဘမဲ့ပရဟိတကျောင်းတာဝန်ခံ ဆရာတော်တစ်ပါးက မိန့်ဆိုပါတယ်။

“အခုလောလောဆယ် အခက်ခဲဆုံး အရာကတော့ အလှူရှင် ပါးလာတာပေါ့။ အလှူရှင် အားလုံးကလည်း ဒုက္ခ ရောက်နေကြတဲ့ ကာလဆိုတော့ အရင်တုန်းကရှိသလို အခုမရှိတော့ ဘယ်လောက်ထိ ခက်ခဲနေသလဲဆို နို့မှုန့် အစားကို ဆန်ပြုတ်ပြုတ်ပြီးတော့ ကလေးတွေကို တိုက်ရတဲ့ အဆင့်ရောက်နေတယ်ဗျာ။ ကလေးသေးသေး လေးတွေအတွက်ကို နို့မှုန့်အစားကို အခုလောလောဆယ် ဆန်ပြုတ်တိုက်တယ်။ ပဲကို ပဲဟင်းကြို တိုက်တာ ပေါ့။ နို့စို့ကလေးတွေအတွက် အခက်ခဲဆုံးအရာက နို့မှုန့်ပါပဲ။ ဆန်ကိုကြိတ်ပြီးတော့ ဆန်ကိုထမင်းပေါင်း လိုက် တယ်ပေါ့။ ထမင်းကို ပိတ်စနဲ့ တိုက်ပြီးတော့ အဲဒီလိုမျိုး ကျွေးတယ်ပေါ့နော်။ ကလေးကြီးတွေက ဘယ်လိုလုပ်ရလဲဆိုတော့ အရင်တုန်းကတော့ ဦးဇင်တို့ အသားဟင်း ပုံမှန်လောက် စားရတယ်ဆိုရင် အခုလောလောဆယ် ဆိုရင်တော့ တစ်ပတ်ကို (၁)ရက် သို့မဟုတ် (၂)ရက်တောင်မှ အလှူရှင်ရှိတဲ့ရက်လောက်ပဲ အသားဟင်းစားရတာပေါ့ဗျာ။ကျန်တဲ့ ကြားရက်ဆိုရင် ဟင်းသီးဟင်းရွက်တောင်မှ အခုလောလောဆယ် ဝယ်ရတာ သိပ်မတတ်နိုင်လို့ တောထဲမှာသွားပြီးတော့ ခြံတွေထဲက သွားသွားပြီးတော့ အလှူခံရတာပေါ့၊ အဲဒီလိုပုံစံမျိုးတောင် ခက်ခဲတာပေါ့၊ အဲဒီလောက်ထိတောင် ဖြစ်နေတယ်”လို့ ဆိုပါတယ်။

မိဘမဲ့ ပရဟိတကျောင်းတွေဟာ ကလေးတွေရဲ့ စားဝတ်နေရေးတွေကိုသာ အဓိကဦးစားပေး ဖြေရှင်း နေရတာကြောင့် အရင်လိုကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပုံမှန်ဆောင်ရွက် ပေးနိုင်ခြင်း မရှိတော့ဘူးလို့ မိဘမဲ့ပရဟိတကျောင်း တာဝန်ခံ ဆရာတော်တွေက မိန့်ဆိုတာပါ။

ဒါ့အပြင် ဆန်အပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ရေရှည်ကြုံတွေ့ရပါက မိဘမဲ့ပရဟိတကျောင်းမှ ကလေးသူငယ်တွေအနေနဲ့ အဟာရ ချို့တဲ့မှုတွေနဲ့ပါ ကြုံတွေ့ရနိုင်သလို အငတ်ဘေးသင့်ဒဏ်တွေကိုပါ ခံစားလာရနိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP က ကောက်ယူထားတဲ့ စာတမ်းတွေအရ စစ်တပ် အာဏာသိမ်းကာလ အတွင်း ဆင်းရဲနွမ်ပါးတဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၈ မြို့နယ်က ပြည်သူတွေဟာ ပြီးခဲ့တဲ့ တစ်နှစ်အ တွင်း ဝင်ငွေမရှိတာကြောင့် အစားလျော့စားရတဲ့ အခြေအနေထိ ဖြစ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို အခြေအနေဟာ အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်မှု လုပ်ငန်းတွေ ထွက်ခွာသွားတာ၊ အလုပ် လက်မဲ့နှုန်း မြင့်တက်လာတာ၊ လောင်စာဆီနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကနေ အိမ်ထောင်စုတွေရဲ့ လူမှုစီးပွါးအခြေအနေကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.