မော်လမြိုင် ၊ မေ (၁၅)

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင် အဓိကထား ဆွေးနွေးအဖြေရှာသွားမယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ဖို့ အမည်စာရင်း ပေးထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ဒါပေမယ့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်ဘူးလို့ မေလ ၁၂ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် အဖွဲ့ ၆ ဖွဲ့နဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၉ ဖွဲ့ တက်ရောက်ဖို့ ရှိနေပါတယ်။



ဒီဆွေးနွေးပွဲမှာ လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် အားလုံးပါဝင်နိုင်တဲ့ အခင်းကျင်း ဖြစ်အောင် ဆွေးနွေးအဖြေရှာသွားမယ်လို့ အပစ်ရပ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောပါတယ်။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းရေး၊ ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာလည်း ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းရေးဆိုတာ ပါတဲ့အခါကျတော့ အားလုံးပါဝင်ရေးက မပြည့်သေးတဲ့ အချိန်မှာ‌တော့ အဲဒီကိစ္စကို ပြောဆိုတာထက် အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်း ရောက်အောင် ဘယ်လိုလမ်းစ ရှာလို့ရမလဲဆိုတာကို အဓိကထားပြီးတော့ ဆွေးနွေးဖြစ်မယ် ထင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ – KNU/KNLA/PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ၊ ဝပြည်သွေးစည်း ညီညွတ်ရေးတပ် UWSA ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP( SSAA) တို့ တက်ရောက်ဖို့ အမည်စာရင်း ပေးထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသား တပ်ဦး CNF ၊ ကျောင်းသားတပ်မတော် ABSDF တို့က တက်ရောက်မှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာထားပါတယ်။

စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုတော့ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ မရှိပါဘူး။

နိုင်ငံရေးလေ့လာနေသူတွေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်း မဖြစ်တာကြောင့် တိုးတက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.