မော်လမြိုင် ၊ ဧပြီ (၂၆)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကို ပါတီ (၄၆) ခုက ဝင်ရောက်အရွေးခံ စာရင်းသွင်းထားတယ်လို့ UPDJC အလုပ်အဖွဲ့ ခေါင်းဆောင် စိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ UPDJC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်စုဖွဲ့မှာဖြစ်ပြီး တရားဝင်နိုင်ငံရေးပါတီ (၉၂) ပါတီကို ဖိတ်ကြားထားတာပါ။

အဲဒီ ရွေးချယ်စုဖွဲ့မှုမှာ အမြဲတမ်းကော်မတီဝင် ၁၆ ဦး နဲ့ အရန်ကော်မတီဝင် ၁၆ ဦး တို့ကို မဲပေးစနစ်ပုံစံ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝင်ရောက်အရွေးခံတဲ့ ပါတီ (၄၆) ခုထဲမှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊‌ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦး ဆောင်ပါတီ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ တခြား တိုင်းရင်းသားပါတီတွေလည်း ပါဝင်တယ်လို့ သူကဆိုပါတယ်။



“ရွေးချယ်တဲ့ပါတီက ဘယ်သူမဆို ရွေးလို့ရတယ်။ကိုကိုကြီးတို့လည်း ပါတယ်။ဒေါက်တာအေးမောင် လည်း ပါတယ်။ တစညပါတယ်။ ပြည်ခိုင်ဖြိုးပါတယ်။ အကုန်ပါတယ်။ တိုင်းရင်းသားပါတီတွေလည်း ပါတယ်။အများကြီးပဲ”လို့ UPDJC အလုပ်အဖွဲ့ခေါင်းဆောင် စိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နောက်ထပ် တိုင်းရင်းသားအင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကတော့ UDPJC စုဖွဲ့မှုမှာ ဝင်ရောက်အရွေးမခံဘူးလို့ ဘီဘီစီသတင်းဌာနကို ဖြေကြားထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ပေါင်းထားတဲ့ အစုအဖွဲ့၊ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ တို့က ကိုယ်စားလှယ် ၁၆ ဦးစီနဲ့ ဖွဲ့စည်းဖို့ NCA စာချုပ်အရ ပြဌာန်းထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲအများအပြား အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကတော့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ရွေးချယ်မှုမှာ တက်ရောက်ဖို့ရှိတယ်လို့ ဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ PR စနစ်ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီထဲက ကိုယ်စားလှယ်တွေကို လေးလ သက်တမ်းနဲ့ UPDJC ကို ယာယီစုဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မတ်လမှာ သက်တမ်းပြည့်သွားတဲ့အတွက် နောက်ထပ် နှစ်လ သက်တမ်း တိုးထားတာဖြစ်ပြီး လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ နိုင်ငံရေးပါတီများ အစုအဖွဲ့အသစ်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.